အမရာမွန်/ဧရာ၀တီတိုင်းမ်
မတ် ၁၄ ရက်
မြန်မာ့နွေဦးတော်လှန်ရေး ငါးနှစ်ကျော်ကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အနောက်နိုင်ငံများ၏ သံတမန်ရေးရာနှင့် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုများကို အခိုင်အမာ ရရှိထားသည်။ သို့သော် မြန်မာ့နိုင်ငံရေး အချိုးအကွေ့တိုင်းတွင် တိုင်းရင်းသားတော်လှန် ရေးအဖွဲ့များ (EROs) အပေါ် ဩဇာလွှမ်းမိုးမှုကြီးမားသည့် အိမ်နီးချင်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍမှာ ငြင်းပယ်၍မရသော ပကတိတရားအဖြစ် တည်ရှိနေသည်။
NUG အတွက် နိုင်ငံခြားရေးမူဝါဒသည် သံတမန်စစ်မျက်နှာတွင် အောင်နိုင်ရေးအတွက် အဓိကကျသော လက်နက်ဖြစ်သည်။ သို့သော် အနောက်အုပ်စုနှင့် နီးကပ်သည့် ဆက်ဆံရေးကြောင့် တရုတ်နိုင်ငံ၏ သံသယပွားမှုကို ခံနေရခြင်းမှာ NUG အတွက် အကြီးမားဆုံး ပထဝီနိုင်ငံရေး ပဟေဠိတစ်ခု ဖြစ်နေသည်။
မိမိအကျိုးစီးပွား ဦးစားပေးနေသော အင်အားကြီးနိုင်ငံများ၏ ယနေ့ခေတ် ပထဝီနိုင်ငံရေး ကစားကွက်အတွင်း NUG ၏ မူဝါဒများက ရှေ့တက်လှမ်းမည့် တော်လှန်ရေးအောင်ပွဲအတွက် မည်သို့သောအချိုးအကွေ့များကို ဖန်တီးပေးနိုင်မည်နည်း။ လက်တွေ့မြေပြင်တွင် ရှောင်ဖယ်၍မရသည့် အကျိုးစီးပွားများအတွက် ထိရောက်သည့် မူဝါဒများ ချမှတ်နိုင်မည်လော။ မြန်မာ့အရေး၌ တရုတ်ဩဇာလွှမ်းမိုးမှုကို မည်သို့ ညှိနှိုင်းနိုင်မည်နည်း။
NUG ရဲ့ နိုင်ငံခြားရေးမူဝါဒလမ်းစဉ်
NUG သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကြောင်း ကြေညာထားသည်။ မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် အမြစ်ပြတ်ပပျောက်ရေး၊ ဒီမိုကရေစီစနစ် အပြည့်အဝ ပြန်လည်ထွန်းကားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ကို နိုင်ငံတကာဥပဒေများ၊ လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ထောက်ခံအားပေးသည့် နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသွားရန် ရည်မှန်းထားသည်။
လက်တွေ့တွင် အစဉ်အလာ “ဘက်မလိုက်မူ” ထက် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးစံနှုန်းများကို အခြေခံသည့် “တန်ဖိုးထားမှုအခြေပြု နိုင်ငံခြားရေးမူဝါဒ” (Values-based Foreign Policy) အား ပိုမိုအားပြုနေသည်ကို တွေ့ရသည်။
“NUG အနေနဲ့ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ချမှတ်ကျင့်သုံးနေပါတယ်။ နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုဖို့နဲ့ လက်တွေ့ကျတဲ့ အကူအညီတွေရဖို့ ကျွန်တော်တို့ နိုင်ငံအစုံနဲ့ အခွင့် အရေးရရင် ရသလို ဆက်ဆံဆောင်ရွက်နေပါတယ်” ဟု NUG ပြောရေးဆိုခွင့် ရှိသူ ဦးနေဘုန်းလတ်က ဆိုသည်။
သို့သော် နိုင်ငံရေးလေ့လာသူများကမူ NUG ၏ နိုင်ငံခြားရေးသည် ကိုယ်ကျင့် တရားပိုင်းဆိုင်ရာ အသာစီးရမှု (Soft Power) တွင် အောင်မြင်သော်လည်း စစ်ရေးနှင့် စီးပွားရေးအရ ထိရောက်သော ဖိအားပေးမှု (Hard Power) အဖြစ် ပြောင်းလဲရန် ရုန်းကန်နေရဆဲဖြစ်ကြောင်း ထောက်ပြသည်။
“NUG အနေနဲ့ ပါဝါအမာ (Hard Power) ကို သုံးနိုင်တဲ့ အနေအထားမှာ မရှိသေးဘူး။ ပါဝါအပျော့ (Soft Power) ကိုပဲ အဓိက သုံးနေရတာပါ။ တကယ်တမ်း တရုတ်ဩဇာကြီးတဲ့ မြန်မာ့အရေးမှာ သံတမန်ရေး ထွက်ပေါက်ရဖို့ဆိုရင် ဘက်မလိုက်ရေးမူကို ပိုပြီး အခြေခံသင့်တယ်” ဟု မြန်မာ့အရေး စောင့်ကြည့်သူ သုတေသီတစ်ဦးက သုံးသပ်သည်။
မြန်မာ့နိုင်ငံရေးတွင် တရုတ်ဩဇာသက်ရောက်မှုကြီးသဖြင့် NUG နှင့် တော် လှန်ရေးအင်အားစုများ အကြားမှာ ဘက်မလိုက်ရေးမူကိုသေချာအကျေ အလည် ဆွေးနွေးရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတကာဆက်ဆံရေးမှာ အနောက် နိုင်ငံယိမ်းသည့် သံတမန်ဆက်ဆံရေးဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံလေ့လာသူများက သုံးသပ်လျက်ရှိသည်။
အနောက်နိုင်ငံများနှင့် နီးကပ်ရခြင်း၏ နောက်ခံ
၂၀၂၁ အာဏာသိမ်းမှုအပြီးတွင် အနောက်နိုင်ငံများသည် စစ်အုပ်စုကို ပြင်းထန်စွာ ကန့်ကွက်ကာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သဖြင့် NUG အဖို့ အနောက်အုပ်စုနှင့် နီးကပ်သွားခြင်းမှာ ရှောင်လွှဲမရသော ရွေးချယ်မှု ဖြစ်ခဲ့သည်။ ထို့ပြင် NUG သည် အမေရိကန်၊ ယူကေ၊ အီးယူ နှင့် ချက်သမ္မတနိုင်ငံတို့ထံမှ တရားဝင်မှု (Legitimacy) နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ရရှိထားသည်။
အမေရိကန်၏ BURMA Act ကဲ့သို့သော ဥပဒေများ၊ ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိနိုင်ခြင်းတို့မှာ အနောက်နိုင်ငံများ၏ ပံ့ပိုးမှုကြောင့်ပင် ဖြစ်သည်။
သို့သော် အနောက်နိုင်ငံများသည် NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုသော်လည်း လက်နက်ခဲယမ်း ထောက်ပံ့ရန်မှာမူ ယနေ့တိုင် တွန့်ဆုတ်နေဆဲဖြစ်သည်။ အဆိုပါ ဟာကွက်သည် မြန်မာနိုင်ငံနှင့် နယ်နိမိတ် ကီလိုမီတာ ၂,၀၀၀ ကျော် ထိစပ်နေသော အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အလှည့်အပြောင်းများ ပြုလုပ်ရန် NUG ကို တွန်းအားပေးနေခြင်း ဖြစ်သည်ဟု နိုင်ငံရေးသိပ္ပံ ကျွမ်းကျင်ပညာရှင်များက ဆိုသည်။
“NUG က အနောက်ကို အားကိုးလွန်းတယ်၊ အနောက်ယိမ်းတယ်ဆိုတာ စွပ်စွဲချက် သက်သက်ပါ။ ကျွန်တော်တို့ တော်လှန်ရေးအတွက် အကျိုးရှိစေမယ့် ဘယ်လိုနိုင်ငံမျိုးနဲ့မဆို ပူးပေါင်းဖို့ အမြဲအသင့်ရှိ ပါတယ်” ဟု ဦးနေဘုန်းလတ်က အနောက်ယိမ်းသည်ဟူသော ဝေဖန်ချက်အပေါ် ငြင်းဆိုသည်။
တရုတ်နှင့် ဆက်ဆံရေးပဟေဠိ နှင့် West Proxy သံသယ
NUG သည် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးမည်ဖြစ်ကြောင်းနှင့် “တရုတ်တစ်နိုင်ငံ တည်းမူဝါဒ” (One China Policy) ကို လေးစားကြောင်း ထုတ်ဖော်ပြောဆိုထားသော်လည်း တရုတ်ဘက်ကမူ သံသယမကင်း ရှိနေဆဲဖြစ်သည်။
“တရုတ်က NLD ကိုတော့ အခုချိန်ထိ Backup အနေနဲ့ ထားတုန်းပဲ။ ဒါပေမဲ့ NUG နဲ့ တောင်ပိုင်း တော်လှန်ရေး အင်အားစုတွေကိုတော့ အနောက်အုပ်စုရဲ့ ကိုယ်စားလှယ် (West Proxy) လို့ မြင်နေတုန်းပဲ။ ဒါကြောင့် တော်လှန်ရေးအင်အားစုတွေကြားမှာ ဘက်မလိုက်ရေးမူကို အကျေအလည် ပြန်ဆွေးနွေးဖို့ လိုတယ်။ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာသံခင်းတမန်ခင်း (Financial Technical Diplomacy) အရလည်း အနောက်အုပ်စုကို မှီခိုနေရတာ ပါတာကိုး” ဟု သုတေသီတစ်ဦးက သုံးသပ်သည်။
တရုတ်နိုင်ငံသည် NLD ပါတီနှင့် ပါတီချင်း ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသော်လည်း လက်နက် ကိုင်တော်လှန်ရေးတွင် အဓိကကျသည့် NUG ကိုမူ အနောက်အုပ်စု၏ လက်ဝေခံအဖြစ် သံသယဝင်နေဆဲ ဖြစ်သည်။
“ပါတီအချင်းချင်း ဆက်ဆံရေးက ရှိတုန်းပဲ။ တော်လှန်ရေးအင်အားစုတွေကြားထဲမှာ ဘက်မလိုက် ရေးမူကို အကျေအလည် ဆွေးနွေးဖို့လိုတယ်။ Financial technical diplomacy(ဘဏ္ဍာရေးဆိုင်ရာ နည်းပညာသံခင်းတမန်ခင်း) အရလည်း အနောက်အုပ်စုကို မှီခိုနေရတာ ပါတာကိုး” ဟု ၎င်းက ဆိုသည်။
တရုတ်သည် စစ်အုပ်စုကို တရားဝင် အသိအမှတ်ပြုထားသော်လည်း တစ်ဖက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EROs) မှတစ်ဆင့် NUG နှင့် သွယ်ဝိုက်သော ဆက်သွယ်မှုအချို့ ရှိနေသည်ဟု ယူဆရသည်။ သို့သော် NUG အနေဖြင့် အများသိအောင် ထုတ်ပြန်နိုင်ခြင်း မရှိသည့် အခက်အခဲ များလည်း ရှိနေသည်။
“ကျွန်တော်တို့ ဘယ်သူနဲ့တွေ့တယ်၊ ဘယ်လိုပူးပေါင်းတယ်ဆိုတာတွေကို သက်ဆိုင်ရာနိုင်ငံတွေရဲ့ အခြေအနေပေါ် မူတည်ပြီး တရားဝင် မထုတ်ပြန်နိုင်တဲ့ အခက်အခဲတွေ ရှိပါတယ်” ဟု ဦးနေဘုန်းလတ် က ရှင်းပြသည်။
သုံးပွင့်ဆိုင်မဟာမိတ်ဗျူဟာနှင့်အနာဂတ်လမ်းစဉ်
NUG အတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)သည် စစ်ရေးအရသာမက နိုင်ငံရေး အရပါ အခိုင်မာဆုံးသော မဟာမိတ်များ ဖြစ်ကြသည်။ EROs များနှင့် ပူးပေါင်းပြီး အနာဂတ် မြန်မာ နိုင်ငံအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို အခြေခံတည်ဆောက်ထားသည်။
NUG သည် ဗဟိုချုပ်ကိုင်မှုထက် EROs များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုခြင်းဖြင့် ရေရှည်ခိုင်မြဲသော မဟာမိတ်စနစ်ကိုတည်ဆောက်ရန်လိုအပ်နေပေသည်။ ထို့အပြင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားအတွက်သုံးပွင့်ဆိုင်မဟာမိတ်ဗျူဟာတည်ဆောက်နိုင်ရန်လိုအပ်ကြောင်းလည်း နိုင်ငံရေးသုတေသီက ဝေဖန်ထောက်ပြသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာတွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် မြန်မာ့ပထဝီနိုင်ငံရေးတွင် တရုတ်၏ အခန်းကဏ္ဍ မည်မျှအရေးပါကြောင်းကို မီးမောင်းထိုးပြခဲ့သည်။ မြောက်ပိုင်းမဟာမိတ်များ၏ စစ်ရေးအရှိန်အဟုန်ကို တရုတ်က “ဟိုင်ဂင်သဘောတူညီချက်” ဖြင့် ထိန်းညှိခဲ့ခြင်းမှာ တော်လှန်ရေး အင်အားစုများအတွက် သင်ခန်းစာတစ်ခု ဖြစ်ခဲ့သည်။
ထို့ကြောင့် NUG အနေဖြင့် တရုတ်နှင့် နီးစပ်သည့် EROs များမှတစ်ဆင့် တရုတ်အစိုးရနှင့် ယုံကြည်မှု တည်ဆောက်ရန် လိုအပ်သလို၊ NUG၊ EROs နှင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကြား “သုံးပွင့်ဆိုင် မဟာမိတ်ဗျူဟာ” တစ်ခု ဖော်ဆောင်ရန် လိုအပ်နေသည်။
အဆိုပါဗျူဟာသည် တရုတ်၏ စီးပွားရေးစီမံကိန်းများကို လက်တွေ့ကျကျ အာမခံချက်ပေးနိုင်သည့် လက်တွေ့ကျသော သံတမန်ရေး (Pragmatic Diplomacy) အပေါ် အခြေခံရန် လိုအပ်သည်။
“လက်ရှိ မဟာမိတ်နိုင်ငံရေးက ဘုံရန်သူအပေါ် အခြေခံတဲ့ အကန့်အသတ်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု အဆင့်ပဲ ရှိသေးတယ်။ EROs တစ်ခုချင်းစီအပေါ် တရုတ်ရဲ့ ဖိအားက မတူညီဘူး။ ဒီလို မတူညီတဲ့ အကျိုးစီးပွားတွေအပေါ် NUG က ဘယ်လောက် ညှိနှိုင်းနိုင်မလဲဆိုတာက အဆုံးအဖြတ် ဖြစ်လိမ့်မယ်” ဟု လွတ်လပ်သော သုတေသီ အမျိုးသမီးတစ်ဦးက သုံးသပ်သည်။
ထို့ကြောင့် NUG နှင့် EROs များအကြား တူညီသော “ဘုံနိုင်ငံခြားရေးမူဝါဒ” တစ်ခုကို ခိုင်မာစွာ ချမှတ်နိုင်လျှင် တော်လှန်ရေးခရီး၏ ထက်ဝက်ကို အောင်မြင်ပြီဟု ဆိုရပါလိမ့်မည်။ အင်အားကြီး နိုင်ငံများ၏ ပထဝီနိုင်ငံရေး ကစားကွက်အတွင်း ဓားစာခံမဖြစ်စေရန်အတွက် NUG အနေဖြင့် မိမိတို့၏ တန်ဖိုးထားမှုများကို ဆုပ်ကိုင်ထားရင်း လက်တွေ့ကျသော သံတမန်ရေး အလှည့်အပြောင်းများကို ဟန်ချက်ညီညီ ဖော်ဆောင်သွားရမည် ဖြစ်ပေသည်။