ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မတ် ၁၅ ရက်)
ကျွန်တော်တို့ နေ့စဉ် ရှူရှိုက်နေရတဲ့ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးပြဿနာတွေ တကယ်ပဲ ကြုံတွေ့နေရပါပြီ။ အထူးသဖြင့် မြို့ကြီးပြကြီးတွေနဲ့ စိုက်ပျိုးရေးအတွက် မီးရှို့မှုများတဲ့ ဒေသတွေရဲ့ လေထုထဲမှာ အလွန်သေးငယ်လွန်းတဲ့ PM 2.5 အမှုန်အမွှားတွေ ပျံ့နှံ့နေပြီး ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတာပါ။
ဒါဟာစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေပဲ မဟုတ်ပါဘူး။ လက်တွေ့မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက တိုင်းထွာချက်တွေအရဆိုရင် ရန်ကုန်တိုင်းထဲက အလုံမြို့နယ်နဲ့ ရွှေဂုံတိုင်တို့မှာ လေထု ညစ်ညမ်းမှုအညွှန်းကိန်း AQI က ၁၆၄ အထိ ရှိခဲ့သလို မရမ်းကုန်းမြို့နယ်မှာလည်း AQI ၁၅၆ အထိ ရှိခဲ့ပါတယ်။ ဒါဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ “အနီရောင်အဆင့်” (Unhealthy) ကို ရောက်နေ တာဖြစ်လို့ ကျွန်တော်တို့ တကယ်ကို ဂရုစိုက်ဖို့ လိုအပ်နေပါပြီ။
PM 2.5 ဆိုတာ ဘာလဲ
အရွယ်အစား ၂.၅ မိုက်ခရိုမီတာထက် ပိုသေးတဲ့ အမှုန်တွေကို PM 2.5 လို့ ခေါ်ပါတယ်။ မြင်အောင် ပြောရရင် ကျွန်တော်တို့ ဆံပင်တစ်ပင်ရဲ့ လုံးပတ်ထက် အဆပေါင်း ၃၀ လောက် ပိုသေးတာပါ။ ဒါကြောင့် သူက လေထုထဲမှာ မှုန်မှိုင်းနေပြီး လူတင်မက တိရစ္ဆာန်တွေနဲ့ အပင်တွေကိုပါ ကျန်းမာရေး ဆိုးကျိုးတွေ ပေးပါတယ်။
မီးတောင်ပေါက်ကွဲခြင်း၊ တောင်ယာမီးရှို့ခြင်း၊ တောမီးလောင်ခြင်းတို့နှင့် စိုက်ပျိုးရေးလုပ်ငန်း ဆောက်လုပ်ရေးလုပ်ငန်းတို့ မှထွက်ပေါ်လာတဲ့ ဖုန်မှုန့်၊ မီးခိုး၊ ပြာ နှင့် မြေမှုန့်တွေလို အမှုန်အမွှားတွေ စက်မှုလုပ်ငန်းတွေကနေ စွန့်ပစ်ပစ္စည်းအဖြစ်ထွက်လာတဲ့ ဆာလဖိတ် (Sulfates) နဲ့ နိုက်ထရိတ် (Nitrates) ဓာတုပစ္စည်း အမှုန်အမွှားတွေ၊မော်တော်ယာဉ်အိပ်ဇောတွေ၊ စက်ရုံတွေကနေ ထွက်လာတဲ့ အဆိပ်သင့် စွန့်ပစ်ဓာတုအမှုန်အမွှားတွေ၊ ခဲ၊ သတ္တုအမှုန်တွေ၊ ချက်ပြုတ်ကြော်လှော်ရာမှထွက်လာတဲ့ မီးခိုးနဲ့အခိုးငွေ့တွေ၊ ကာဗွန် လောင်စာတွေ၊ ဖယောင်းတိုင်၊ ထင်း၊ မီးသွေး၊ ဆေးလိပ်၊ ခြင်ဆေးခွေ စတဲ့ လောင်ကျွမ်းရာမှ ထွက်လာသော မီးခိုးအမှုန်တွေက PM 2.5 ထုတ်လွှတ်နေတဲ့ အရင်း အမြစ်တွေပဲဖြစ်ပါတယ်။ PM 2.5 က အဆုတ်နဲ့သွေးကြော ထဲအထိ ရောက်သွားပြီး အန္တရာယ် ရှိတဲ့ ကျန်းမာရေးပြဿနာတွေကိုဖြစ်စေပါတယ်။
သူက ဘယ်လို ဒုက္ခပေးတာလဲ
သာမန်အမှုန်တွေကတော့ နှာခေါင်းထဲမှာ သဘာဝအတိုင်း ဇကာလို စစ်ပေးတဲ့ အမွှေးအမျှင်တွေမှာ တင်ကျန်ခဲ့ပေမဲ့ PM 2.5 ကတော့ သေးလွန်းလို့ အသက်ရှူလမ်းကြောင်းတစ်လျှောက် အလွယ်တကူ ဖြတ်သန်းပြီး အဆုတ်ရဲ့ အနက်ရှိုင်းဆုံးနေရာ (Alveoli) လေအိတ်ငယ်လေးတွေအထိ ရောက်သွား ပါတယ်။ အဲဒီကနေတစ်ဆင့် သွေးကြောထဲ တိုက်ရိုက်စိမ့်ဝင်ပြီး ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံ့သွားကာ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ဒုက္ခပေးတော့တာပါပဲ။
PM 2.5 က ခန္ဓာကိုယ်ကို နည်းလမ်း သုံးခုနဲ့ တိုက်ခိုက်ပါတယ်။
ဓာတ်တိုးခြင်း (အိုမင်းရင့်ရော်ခြင်း)
PM 2.5 ကြောင့် ဖြစ်ရတဲ့ အခြေခံအကျဆုံး ပြဿနာပါ။ PM 2.5 ပေါ်မှာ ကပ်ပါလာတဲ့ ဓာတ်တိုး ပစ္စည်းတွေက ဆဲလ်တွေရဲ့ ဗီဇ DNA၊ ပရိုတင်းနဲ့ အဆီလွှာတွေကို တိုက်ခိုက်ဖျက်ဆီးပစ်ပါတယ်။ ဒါဟာ ဆဲလ်တွေ ရောင်ရမ်းခြင်းနဲ့ ဆဲလ်ပျက်စီးခြင်းရဲ့ကနဦးအစ ဖြစ်ပါတယ်။
ခန္ဓာကိုယ်နေရာအနှံ့ ရောင်ရမ်းခြင်း
အမှုန်တွေက အဆုတ်ထဲရောက်တာနဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ရန်သူဝင်လာပြီလို့ သတ်မှတ်ပြီး တုံ့ပြန်ပါတယ်။ အဆုတ်ထဲက Macrophage လို့ခေါ်တဲ့ အသွင်ပြောင်းသွေးဖြူဥ ကိုယ်ခံအား ဆဲလ်တွေက အဲဒီအမှုန်တွေကို ဝါးမျိုဖျက်ဆီးဖို့ ကြိုးစားရင်း ရောင်ရမ်းစေတဲ့ ဓာတ်ပစ္စည်းများကို အများအပြား ထုတ်လွှတ်ရပါတယ်။ ရောင်ရမ်းစေတဲ့ ဓာတ်ပစ္စည်းတွေက သွေးကြောထဲကနေတစ်ဆင့် ခန္ဓာကိုယ်အနှံ့ ရောက်သွားပြီး အင်္ဂါအစိတ်အပိုင်းအားလုံးမှာ ရောင်ရမ်းမှု ကို ဖြစ်စေပါတယ်။ ဒါကြောင့် အဆုတ်တင်မကဘဲ နှလုံးနဲ့ တခြားနေရာတွေမှာပါ ပြဿနာတက်လာရပါတယ်။
သွေးကြောနံရံ ပျက်စီးခြင်းနှင့် သွေးခဲခြင်း
PM 2.5 အမှုန်တွေ သွေးကြောထဲ တိုက်ရိုက်ရောက်သွားတဲ့အခါ သွေးကြောအတွင်းဘက်နံရံ ကို တိုက်ရိုက်ထိခိုက်စေပြီး သွေးကြောတွေကို ကျဉ်းစေ၊ မာစေပါတယ်။ တစ်ချိန်တည်းမှာပဲ သွေးထဲက သွေးဥမွှား (သွေးတိတ်စေတဲ့ပစ္စည်း) တွေကို ပိုပြီး ကပ်စေးလာစေပါတယ်။ ရလဒ်အနေနဲ့ သွေးကြော ထဲမှာ သွေးခဲတည်ဖို့ လွယ်ကူသွားပါတယ်။ အဲဒီသွေးခဲက နှလုံးသွေးကြောမှာ ပိတ်သွားရင် နှလုံးသွေး ငတ်နှလုံးရပ်ခြင်း၊ ဦးနှောက်သွေးကြောမှာ ပိတ်ရင် လေဖြတ်ခြင်း ၊ အဆုတ်သွေး ကြောမှာပိတ်ဆို့ရင် အဆုတ်သွေးခဲ အသက်ရှူမရ ဖြစ်စေပါတယ်။ အခြေအနေတိုင်းက အသက် အန္တရာယ်ရှိပါတယ်။
PM 2.5 ကြောင့် ဖြစ်ရတဲ့ကျန်းမာရေးဆိုးကျိုးများ
မျက်စိစပ်ခြင်း၊ နှာခေါင်းနှင့် လည်ချောင်း ယားယံခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ ပန်းနာ ရင်ကျပ် ပိုဆိုးလာခြင်း၊ အဆုတ်ရောင်ခြင်း၊ နာတာရှည် အသက်ရှုလမ်းကြောင်း ပိတ်ဆို့တာ အဆုတ်ရောဂါ (COPD) ဖြစ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးသွေးကြောပိတ်ဆို့ခြင်း၊ လေဖြတ်ခြင်း (Stroke)၊ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို များစွာ မြင့်တက်စေပါတယ်။
သွေးချိုဆီးချိုရောဂါ၊ အယ်လ်ဇိုင်းမား မှတ်ဉာဏ်ချို့ယွင်းရောဂါ၊ လေသင် တုန်းဖြတ် ပါကင်ဆန်ရောဂါ စသဖြင့် ကူးစက်ခြင်းမဟုတ်တဲ့ရောဂါတွေနှင့်လည်း ဆက်စပ်နေကြောင်း လေ့လာတွေ့ရှိမှုတွေအရ ဖော်ပြထားပါတယ်။
ဘယ်သူတွေ ပိုသတိထားရမလဲ
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူတွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ ကိုယ်ဝန် ဆောင်မိခင်တွေ လေထုညစ်ညမ်းမှုဒဏ်နှင့် PM 2.5 ကြောင့်ထိခိုက်မှုကို ပိုပြီးခံရပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ကလေးများ၏ အဆုတ်ဖွံ့ဖြိုးမှုကို နှေးကွေးစေပြီး အဆုတ်ကောင်းမွန်စွာ မဖွံ့ဖြိုးခင်မှာပဲသေဆုံးတတ်ပါတယ်။လူကြီးများတွင်လည်း ရုတ်တရက် နှလုံးရပ်ခြင်း နှင့် လေဖြတ် ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
မျက်စိစပ်တာ၊ လည်ချောင်းယားတာကနေစပြီး ပန်းနာရင်ကျပ်၊ အဆုတ်ရောင်၊ နှလုံးသွေးကြော ပိတ်တာအထိ ဖြစ်နိုင်ပါတယ်။
မိမိကိုယ်ကို ဘယ်လိုကာကွယ်မလဲ
လေထုအရည်အသွေး (AQI) ကို ပထဝီမြေပုံအလိုက် အင်တာနက်စာမျက်နှာ (Website) တွေမှာ လေထုအခြေအနေကို အချိန်နှင့်တပြေးညီ ရှာဖွေကြည့်ရှုနိုင်ပါတယ်။ အိမ်အပြင်မထွက်မီ အင်တာနက် အသုံးပြုပြီး ဖုန်းဖြင့် လေထုအရည်အသွေး (AQI) ကို ကြည့်ရှုပါ။ လေထုညစ်ညမ်းမှု အခြေအနေအဆင့်သတ်မှတ်ထားသည့်အလျောက် ကာကွယ်ရေးနည်းလမ်းများကိုလိုက်နာကျင့်သုံးပါ။
အိမ်အပြင်မထွက်မီ အင်တာနက် အသုံးပြု၍ ဖုန်းဖြင့် လေထုအရည်အသွေး (AQI) ကို ကြည့်ရှုပြီး လေထုညစ်ညမ်းမှု အခြေအနေအဆင့်သတ်မှတ်ထားသည့်အလျောက် ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကျင့်သုံးပါ။
သာမန်နှာခေါင်းစည်း (Mask) က PM 2.5 ကို မကာကွယ်နိုင်ပါ။ N95 သို့မဟုတ် KN95 ကဲ့သို့သော အမှုန်စစ်ထုတ်နိုင်သည့် နှာခေါင်စည်း (Mask) များကိုသာရွှေချယ်တပ်ဆင်ပါ။ သစ်ပင်များက လေထုထဲမှ ဖုန်မှုန့်နှင့် ဓာတ်ငွေ့အချို့ကို စုပ်ယူပေးနိုင်သည့် သဘာဝ အကာအကွယ်များ ဖြစ်တာကြောင့် သစ်ပင်စိုက်ပါ။
လေထုညစ်ညမ်းမှုများနေချိန်မှာ ပြတင်းပေါက်တွေကို ပိတ်ထားပါ။ ဖြစ်နိုင်လျှင် လေသန့်စက် (Air Purifier) အသုံးပြုပါ။အိမ်တွင်းလေထုကို ထိန်းသိမ်းပါ။မိမိကိုယ်ကို ကာကွယ်ခြင်းဖြင့် ဖြစ်ပေါ်လာမယ့် ကျန်းမာရေး ဆိုးကျိုးများကိုတားဆီးပါ။
လေထုညစ်ညမ်းမှုဟာ ကျွန်တော်တို့ အသက်ရှူနေကြသူ အားလုံးနဲ့ ဆိုင်ပါတယ်။ အမှိုက်များ သစ်ရွက်ခြောက်များ မီးရှို့ခြင်းကိုတားဆီးပါ။ သဘာဝစွမ်းအင်ကို ပိုမိုအသုံးပြုပါ။ အစိမ်းရောင် သစ်ပင်သစ်တောနယ်မြေများကိုချဲ့ထွင်ပါ။ ဒါဟာ နိုင်ငံအဆင့် စီမံချက်တွေ ရေးဆွဲပြီး ဒေသတွင်း နိုင်ငံတွေနဲ့စနစ်တကျပူးပေါင်း အကောင်အထည် ဖော်တိုက်ဖျက်ရမယ် ကျန်းမာရေးအခြေအနေ ဖြစ်ပါတယ်။ အားလုံးပဲ လေထုညစ်ညမ်း မှုကို ဂရုပြုဆင်ခြင်ပြီး ကျန်းမာကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။
နောက်တစ်ပတ်မှာတော့ “ကျန်းမာဖို့ လမ်းလျှောက်ကြပါ” ဆိုတဲ့ ဆောင်းပါးနဲ့ ပြန်တွေ့ကြပါမယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #လေထုထဲမှာအသက်အန္တရာယ်ရှိနေပြီလား #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times