ဧရာဝတီတိုင်းမ်
မတ် ၁၅ ရက်
လက်ရှိကျင့်သုံးနေသော ဘားကုဒ် (Barcode) စနစ်ဖြင့် စက်သုံးဆီဝယ်ယူရာ၌ ဘားကုဒ်ဖတ်၍မရသည့် ယာဉ်များအနေဖြင့် ယာဉ်အချက်အလက်များ ဖြည့်သွင်းရန်လိုအပ်ပြီး ခရီးဝေးသွားမည့် ကိုယ်ပိုင် ယာဉ်များမှာလည်း စက်သုံးဆီ ထပ်မံဝယ်ယူခွင့် ရှိမည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည်။
ဘားကုဒ်ဖတ်မရသည့် ယာဉ်များသည် ယနေ့ မတ် ၁၅ ရက်နေ့မှစကာ စက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်အချက်အလက်များ ဖြည့်သွင်းပြီးနောက်၊ စက်သုံးဆီဝယ်ယူနိုင်ရန် QR Code များ ထုတ်ပေး မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ခရီးဝေးသွားမည့် ယာဉ်များအနေဖြင့် လမ်းခရီးတွင် စက်သုံးဆီဖြည့်တင်းရာ၌ စနစ်အတွင်း Scan ထပ်မံဖတ်ရန်မလိုဘဲ၊ မူလငွေရှင်းပြေစာ (Voucher) ကို ပြသကာ အဝေးပြေးလမ်းမကြီးများနှင့် အခြားခရီးဝေး (မိုင် ၁၀၀ အထက်) မြို့များရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ထပ်မံဝယ်ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။

“နောက်လ သင်္ကြန်ဆိုတော့ အိမ်ပြန်ကြသူတွေ၊ ခရီးထွက်ကြသူတွေ များတော့မှာလေ။ ခရီးသွားရင်း လမ်းမှာ ဆီထည့်လို့ရတာကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ စုံ/မ နံပါတ် ခွဲသေးတာလား ဆိုတာတော့ သေချာမသိရပြန်ဘူး။ လမ်းရောက်မှ ပြဿနာတက်ရင် ဒုက္ခပဲ။ စာထုတ်တာကလည်း သေချာမရှင်းဘူး။ နောက်မှ ထပ်ထွက်လာဦးမလား မသိဘူး” ဟု ရန်ကုန်မြို့ခံ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြော သည်။
လက်ရှိတွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ၏ သက်သေခံလက်မှတ်ပါ QR Code ဖတ်သည့် Application ကို ပိုမိုအဆင်ပြေစေရန် နည်းပညာပိုင်းဆိုင်ရာ မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
ယင်းအပြင် ယာဉ်သက်သေခံလက်မှတ် (Wheel Tax) ရှိ ဘားကုဒ်ဖတ်မရသည့်ကိစ္စကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ အမြန်ဆုံး သွားရောက်ဆောင်ရွက်ရန် လိုအပ်ကြောင်း လည်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဘားကုဒ်ဖတ်ရာတွင် ယာဉ်အချက်အလက်နှင့် စနစ်အတွင်းရှိ အချက်အလက်များ ကွဲလွဲခြင်း၊ ယာဉ်နံပါတ် မှားယွင်းခြင်းနှင့် ဆီမထည့်ရသေးဘဲ ဆီဖြည့်ပြီးဖြစ်နေခြင်း စသည့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၁၂ ရက်နေ့က ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်များအတွက် Wheel Tax ကို ဘားကုဒ်ဖတ်သည့်စနစ်ဖြင့် ရောင်းချရာ၌ ကား ၆၂,၀၁၇ စီးနှင့် ဆိုင်ကယ် ၅၆,၀၈၀ အဆင်ပြေချောမွေ့ခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်