၏ဧရာဝတီတိုင်းမ်
မတ် ၁၅ ရက်

 

တအာင်းတပ် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်ဗျူဟာကုန်းကို ကိုးကန့်တပ် (MNDAA) ဘက်မှ အပြင်းအထန် ထိုးစစ်ဆင်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများကာ တိုက်ပွဲပြင်း‌ထန်နေကြောင်း သိရသည်။

 

တိုက်ပွဲအတွင်း MNDAA တပ်ဖွဲ့မှ ဒရုန်းဗုံးအများအပြားသုံးကာ တိုက်ခိုက်နေပြီး မြို့တွင်း နေရာအနှံ့ တွင် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်နေကြောင်း ကွတ်ခိုင်မြို့ဒေသခံများထံမှ သိရသည်။

 

“ဒီမနက် ၅ နာရီလောက်ကတည်းက တိုက်ပွဲပြန်စတာ။ တစ်မနက်လုံး ခုချိန်ထိ မနားမနေ တိုက်နေ ကြတယ်။ TNLA ဘက်ကလည်း ထိုးစစ်ကို ခုခံတိုက်ခိုက်နေတယ်။ ရပ်ကွက်(၃)၊ (၄)၊ (၆)၊ (၈) တွေဘက်မှာ MNDAA တပ်ဖွဲ့တွေ မနေ့ကတည်းက နေရာဝင်ယူထားပြီ။ ခု ဗျူဟာဘက်ကို ဒရုန်းတွေနဲ့ အဆက်မပြတ် ဗုံးကြဲနေတယ်”ဟု မြေပြင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကွတ်ခိုင်မြို့ တိုက်ပွဲအတွင်း ပြည်သူများ ပိတ်မိနေပြီး ရပ်ကွက် (၃) အတွင်း ဒရုန်းဗုံးများ ကျရောက်‌ ပေါက်ကွဲပြီး နေအိမ်မီးလောင်ပျက်စီးမှုများရှိ‌ကြောင်း သိရသည်။

 

MNDAA သည် ယနေ့ မတ် ၁၅ ရက် နံနက်ပိုင်းကလည်း နမ့်ဖတ်ကာနှင့် နမ့်ခမ်းလမ်းရှိ ၁၂ မိုင် ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နမ့်ခမ်းမှ TNLA စစ်ကူ ထောက်ပို့ လမ်းကြောင်းကို ဖြတ်တောက်၍ TNLA တပ်စခန်းများကို သိမ်းပိုက်ကာ ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။

 

ကိုးကန့်တပ် (MNDAA) သည် အင်အားထောင်ချီ အသုံးပြုကာ ယမန်နေ့ မတ်လ ၁၄ ရက် နံနက်ပိုင်းကစတင်၍ ကွတ်ခိုင်မြို့အပါအဝင် မူဆယ်မြို့ (၁၀၅) မိုင်၊ နမ့်ဖတ်ကာ၊ မုံစီး စသည့် TNLA ၏ တပ်စခန်း နေရာ ၆ ခုထက်မနည်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း TNLA နှင့်နီးစပ်သူထံမှ သိရသည်။

 

ပုံစာ-MNDAA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။