ဧရာဝတီတိုင်းမ်
မတ် ၁၅ ရက်
မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်အိန္ဒိယနိုင်ငံက ဆက်လက်ရပ်တည်မည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက ပြောကြားခဲ့သည်။
နေပြည်တော်တွင် မတ် ၁၃ နှင့် ၁၄ ရက် နှစ်ရက်တာ ပြုလုပ်ခဲ့သည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ်တွင် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
“ မြန်မာနိုင်ငံက အိန္ဒိယ၊ တရုတ်၊ အာဆီယံအစရှိတဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ ပေါင်းစည်းဆက်နွှယ် ချိတ်ဆက်မှုဆိုင်ရာကဏ္ဍတွေ ဆောင်ရွက်နိုင်ဖို့ မဟာဗျူဟာကျတဲ့နေရာမှာ တည်ရှိနေပါတယ်။ ဒီပူးပေါင်းမှုပိုမိုခိုင်မာအားကောင်းလာမယ်ဆိုရင် မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur က ဆိုသည်။

မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ ပညာရေး၊ လျှပ်စစ်ကဏ္ဍ၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ပြီး ယင်းဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့လိုသည်ဟုလည်း ပြောသည်။
အိန္ဒိယနိုင်ငံအမတ်ကြီး H.E Mr. Shri Abhay Thakur သည် ယခုနှစ် ဖေဖော်ဝါရီက တာချီလိတ်မြို့ရှိ တာလော့ဈေးနှင့် ရွှေနန်းတော်ကုန်တိုက်၊ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား ၁ နှင့် ၂ ၊ တာချီလိတ် ကုန်သွယ်ရေးစခန်း ( မယ်ယန်း) တို့တွင် ကုန်စည်စီးဆင်းမှုများကိုလေ့လာခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ မိုရေးမြို့မှ မြန်မာနိုင်ငံကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ဆက်သွယ်ထားမည့် ၁,၃၆၀ ကီလိုမီတာရှည်သော အိန္ဒိယ- မြန်မာ – ထိုင်း ချစ်ကြည်ရေးလမ်းမကြီးကို တည်ဆောက် နေသည်။
စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်မှစတင်ကာ အိန္ဒိယနှင့် မြန်မာနယ်စပ်တစ်လျှောက် အရှည်ကီလိုမီတာ ၁,၆၀၀ ကျော်ကိုခြံစည်းရိုးခတ်လျက်ရှိပြီး ဗီဇာမလိုဘဲသွားလာခွင့်ရှိသော Free Movement Regime ကို ဖျက်သိမ်းထားသည်။
အိန္ဒိယနိုင်ငံသည် အာဏာသိမ်းစစ်တပ်နှင့် ပုံမှန်အဆက်အသွယ်ရှိနေကာ စစ်လက်နက်ထောက်ပံ့မှု၊ စစ်သင်တန်းပေးခြင်းနှင့် အိန္ဒိယ၏ရင်းနှီးမြှပ်မှု စီမံကိန်းများပုံမှန်လည်ပတ်လျက်ရှိကြောင်းသိရသည်။
ဓာတ်ပုံ – အိန္ဒိယသံရုံး