နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်
စစ်ကော်မရှင်သည် ယခုမတ်လအတွင်း နိုင်ငံတဝန်း၌ အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၀ မှုရှိပြီး ပြည်သူ ၂၄၅ ဦး သေဆုံးကာ အာဏာသိမ်း ငါးနှစ်အတွင်း စုစုပေါင်းဖြစ်စဉ် ၅၂၀ မှုရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံက သိရသည်။
ပြည်သူ ငါးဦးနှင့်အထက် သေဆုံးမှုအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအဖြစ် သတ်မှတ်ထားပြီး စစ်ကော်မရှင် ကျူးလွန်ထားသော ယခုလအတွင်း ဖြစ်စဉ်များမှာ NUG ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မတ် ၁၀ ရက်အထိ ရရှိအချက်အလက်များပင်ဖြစ်ကြောင်း သိရသည်။
ထိုအထဲမှ ဖြစ်စဉ်တစ်ခုဖြစ်သော ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် စစ်ကော်မရှင်တပ်၏ အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအပေါ် NUG မှ ယနေ့မတ် ၁၄ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ လူ့အခွင့်အရေး ဒုဝန်ကြီးနှင့် သက်ဆိုင်သူတို့က ရှင်းပြသည်။
“ဒီလိုလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့အခင်းအချင်းမှာရှိတဲ့ တရားစီရင်ရေးယန္တရားတွေမှာ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေပါတယ်။ သို့သော် ယန္တရားတွေရဲ့ ပုံစံအတိုင်း နှောင့်နှေးကြံ့ကြာမှုရှိတာ သတိချပ်ဖို့ လိုပါတယ်” ဟု NUG လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးက ဆိုသည်။
စစ်ကော်မရှင်၏ ကျူးလွန်မှုများကို နိုင်ငံတကာနှင့် မြန်မာ့တရားစီရင်ရေး ယန္တရားစနစ်အောက်တွင် အသက်ရှင် ကျန်ရစ်ခဲ့သော မိသားစုဝင်များ၊ ဆုံးရှုံးနစ်နာသူများ၊ ပြည်သူလူထု လိုလားသည့် တရားမျှတမှု ရရှိနိုင်ရန် မြှင့်တင်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။
အလားတူ အာဏာသိမ်း ငါးနှစ်အတွင်း အစုလိုက်အပြုံလိုက် သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှု များစွာကိုလည်း စစ်ကော်မရှင်က ပြုလုပ်ခဲ့ပြီး ဖြစ်စဉ်ပေါင်း ၅,၀၄၁ မှု၊ အကြိမ်အရေအတွက် ၁၀,၆၅၁ ကြိမ်ရှိကာ ပြည်သူ ၅,၀၇၅ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်ရာတွင် ဂျက်ဖိုက်တာ၊ ဒရုန်း၊ ဂျိုက်ရိုကော်ပတာ၊ ပါရာမော်တာတို့ကို စစ်ကော်မရှင်တပ်မှ အသုံးပြုခဲ့သလို အရပ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၅၂၀ မှုကြောင့် ပြည်သူ ၅,၅၀၅ ဦး သေဆုံးခဲ့ကြောင်း NUG ထံက သိရသည်။
“ပြည်တွင်းတရားစီရင်ရေး အပိုင်းမှာဆိုရင်လည်း ကျွန်တော်တို့အားလုံးရဲ့ တော်လှန်ရေး ဦးတည်ချက် ခြောက်ခုရှိပြီး အဲဒီမှာ နောက်ဆုံးအချက်ဆိုရင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာ ပါဝင်တယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။
ယခုကျူးလွန်မှုများနှင့် ပတ်သက်၍ တော်လှန်ရေး အောင်မြင်သည့်အခါ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို သက်ဆိုင်သူများ မဖြစ်မနေ ရင်ဆိုင်ရမည်ဖြစ်ပြီး မှတ်တမ်းမှတ်ရာများ၊ မျက်မြင်သက်သေ၏ ထွက်ဆိုမှုများသည် ပျောက်သွားမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။
လက်ရှိတွင် စစ်ကော်မရှင်သည် အတုအယောင် လွှတ်တော်တစ်ရပ် ခေါ်ယူရန်နှင့် အစိုးရအမည်ခံ ဟန်ပြအစုအဖွဲ့တစ်ခုကို ဖွဲ့စည်းရေး ပြင်ဆင်နေပြီး ပြည်သူအား ပစ်မှတ်ထား၍ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးမှုများအပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန်နေကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတကာအနေဖြင့် စစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုများကို လျစ်လျူရှုမထားဘဲ ထိရောက်သော အရေးယူမှုများအား အမြန်ဆုံးဆောင်ရွက်ရန်နှင့် လေကြောင်းသုံးယာဉ်၊ လက်နက်ခဲယမ်း၊ လေယာဉ်ဆီအပါအဝင် စသည်တို့ တင်ပို့ရောင်းချခြင်းများ ရပ်တန့်ရန် NUG က တိုက်တွန်းတောင်းဆိုသည်။