နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၌ အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို စစ်ကော်မရှင်က “၎င်းတို့လုပ်ရပ် မဟုတ်ဟု” ဝါဒဖြန့်ငြင်းဆိုနေသော်လည်း ကြောက်လန့်ထွက်ပြေးသည့် သားဖြစ်သူအား သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း ဖမ်းဆီးလွတ်မြောက်လာသူ ဖခင်ဖြစ်သူ၏ ပြောပြချက်အရ သိရသည်။

 

စစ်ကော်မရှင်တပ်မ (၇၇) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းများသည် ယခုရက်ပိုင်းအတွင်း ညောင်လေးပင်မြို့ရှိ ကျေးရွာများတွင် အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ယနေ့မတ် ၁၄ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ အဆိုပါ ဖခင်ဖြစ်သူက တက်ရောက်ထွက်ဆိုသည်။

 

“သားအလတ်ကောင်က ကြောက်လန့်ပြီး ထွက်ပြေးတာကို ကျွန်တော်တို့လည်း သူတို့က ဖမ်းပြီးဝိုင်းထားတော့ သွားကယ်မရဘူးလေ။ ကျွန်တော်သားလေးကို အကြောင်းမဲ့ ပစ်သတ်သွားတယ်။ အပြစ်မဲ့ ကလေးလေးပါဗျာ၊ PDF လည်း မဟုတ်ပါဘူး” ဟု ဖခင်ဖြစ်သူ ကိုမျိုး (အမည်လွှဲ)က သူကြုံတွေ့ ရင်ဆိုင်ခဲ့ရမှုများကို ပြန်ပြောပြသည်။

အဆိုပါအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုထဲ၌ အရွယ်မရောက်သေးသည့် (၁၃) နှစ်အရွယ် သားအလတ်ဖြစ်သူနှင့် ဇနီးဖြစ်သူတို့ ပါဝင်သွားပြီး တောင်သူဖြစ်သော ၎င်းအား ရွာထိပ်တွင် ဖမ်းဆီးချုပ်နှောင် မှောက်ခိုင်းထားကြောင်းပြောသည်။

 

ယင်းဖြစ်ရပ်သည် မတ် ၅ ရက်၊ နံနက်ပိုင်း၌ ညောင်လေးပင်မြို့နယ်ရှိ ရေတွင်းကုန်း၊ ခရုကုန်းနှင့် ကျောင်းကုန်းကျေးရွာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူ စစ်ကော်မရှင်ကမူ ၎င်းတို့လုပ်ရပ် မဟုတ်ဟု ငြင်းဆိုကာ KNU ၊ PDF တို့ကို့ အပြစ်လွှဲချထားသည်။

 

ထိုနေ့က စစ်ကော်မရှင်သည် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများ ပစ်ခတ်၍ စစ်ကြောင်းထိုး ဝင်ရောက်လာရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် အရပ်သားပြည်သူ (၂၈) ဦး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ကျေးရွာများအတွင်းရှိ ပြည်သူ (၃၀၀) ကျော်အား ဓားစာခံများ အဖြစ် စစ်ကော်မရှင်တပ်က ဖမ်းဆီးထားခြင်းကြောင့် KNU နှင့် NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်း၍ ကယ်ထုတ်နိုင်ခဲ့သလို ယင်းစစ်ဆင်ရေးအတွင်း PDF ၊ KNLA ရဲဘော် (၁၁) ဦး ကျဆုံးကာ ၇ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ယင်းအတူ စစ်ကော်မရှင်၏ ဖမ်းဆီးခြင်းခံရသော ပြည်သူများအနက် ၁၀ ဦးကျော်ပျောက်ဆုံးနေ၍ တော်လှန်ရေး တပ်ဖွဲ့များမှ ရှာဖွေလျက်ရှိပြီး မြေပြင်အခြေအနေမှာ နှစ်ဖက်‌စစ်ရေး ပြင်းထန်နေဟု ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွင် တာဝန်ရှိသူ စောဒိုရှင်းက သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

 

“လက်ရှိမြေပြင် အခြေအနေက စစ်ဆိုင်ဆဲကာလပဲ ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့ ပြည်သူတွေကိုတော့ ကျွန်တော်တို့ လုံခြုံတဲ့နေရာမှာ ဆေးကုသမှုတွေ၊ စောင့်ရှောက်မှုတွေ၊ ဆေးဝါးထောက်ပံ့မှုတွေ၊ စားနပ်ရိက္ခာအတွက်ပါ စီစဉ်ဆောင်ရွက်နေတာ ရှိပါတယ်” ဟု PDF တပ်ဖွဲ့ဝင်လည်းဖြစ်သည့် ၎င်းက ဆက်လက်ဆိုသည်။

 

စစ်ကော်မရှင်တပ်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခြင်းအပြင် ၎င်းတို့ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း ပျက်ဆီးပြီး အရပ်သား ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို သေဆုံးသူများမှာ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၇ ဦး၊ ကျား-မ ခွဲခြားမရ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

 

အလားတူ NUG ကလည်း ထိခိုက်သေဆုံးခဲ့ရသော ပြည်သူတစ်ဦးချင်းစီတိုင်းအတွက် တရားမျှတမှု ပြန်လည်ရရှိနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရစ်သူ မိသားစုများနှင့် စစ်ဘေးရှောင် ပြည်သူအတွက် ထိရောက်သော လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်သွားမည်ဟု သိရသည်။