ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ မတ် ၁၄ ရက်
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ယမန်နေ့ မတ် ၁၃ ရက်နေ့က စစ်ကော်မရှင်က အရပ်သားများနေထိုင်ရာသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများလုပ်ဆောင်ခဲ့သည့်အတွက် မိသားစုဝင် လေး ဦးသေဆုံးခဲ့ပြီး လသားအရွယ် ကလေးငယ်တစ်ဦးသာ အသက်ရှင် ကျန်ရစ်ကြောင်းသိရသည်။
ပဲနွယ်ကုန်းအခြေစိုက် ခမရ-၃၀၇ တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ရည်ရွယ်ချက်ရှိရှိဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး ၂ လုံး ၊ ဒရုန်းဖြင့် ဗုံးသီး လေးလုံးကြဲချတိုက်ခိုက်ခဲ့ရာ သဲဖြူကျေးရွာသစ်မှ မိသားစု လေးဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
“ဘာတိုက်ပွဲမှမရှိပဲ စကစဖက်က ပြည်သူနေထိုင်တဲ့ရွာထဲရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်မှုလူသတ်မှုဖြစ်တယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးခဲ့သည့် မိသားစုမှာ ကိုဝင်းဇော်(၄၀ နှစ်)၊ မမာလာဝင်း(၃၈ နှစ်)၊ မောင်မြတ်မင်းသူ(၁၃ နှစ်)၊ မနိုင်နိုင်မော်(၁၁ နှစ်) တို့ဖြစ်ပြီး သုံးလသားအရွယ်မောင်ထက်လင်းအောင်အမည်ရှိ ကလေးငယ်တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် စစ်တောင်းမြစ်ဝှမ်းဒေသတွင် အရပ်သားများကို ပစ်မှတ်ထားကာ အကြမ်းဖက်ခြင်းများပြုလုပ်နေပြီး ပြီးခဲ့သည့် မတ် ၅ ရက်နေ့ကလည်း ညောင်လေးပင်မြို့နယ်အတွင်း အရပ်သား ၄၀ ကျော်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြုလုပ်ခဲ့သည်။
အလားတူ ရွှေကျင်မြိုနယ်တွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က စက်တပ်
လေထီးများဖြင့် ဗုံးကြဲချခဲ့ရာ ဒေသခံ ခြောက်ဦးသေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့