နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်

 

ရုရှားထုတ် စတုတ္ထမျိုးဆက်လွန် SU-30 SME အပါအဝင် စစ်ဆင်ရေး၌ ပျက်ကျသွားသော လေယာဉ်နံပတ်ဖြင့် ပြင်ထားသည့်လေယာဉ်များကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခြိမ်းခြောက်သည့်အနေဖြင့် တပ်တော်ဝင်ကာ ထုတ်ပြလာကြောင်း လေတပ် CDM နှင့် ထိုအသိုင်းအဝိုင်းထံမှ သိရသည်။

 

စစ်ခေါင်းဆောင်သည် ၎င်းလက်အောက်ခံ လေယာဉ်ပြုပြင်သည့် စက်ရုံလည်းဖြစ်သော ရှမ်းတဲလေတပ် (ခေါ်) မိတ္ထီလာတပ်နယ်၌ SU-30 SME နှစ် စီးနှင့် K-8W နှစ် စီး စုစုပေါင်း တိုက်လေယာဉ် လေး စီးကို ယမန်နေ့ မတ် ၁၂ ရက်က ပုံမှန်ထက် စောလျင်စွာ တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။

“အမှန်တကယ် ဒီအချိန်ဟာ တပ်တော်ဝင်တဲ့ အချိန်မဟုတ်ဘူး။ တပ်ချုပ်နေရာက သူမနားခင်မှာ ဝယ်ခဲ့တဲ့ လေယာဉ်တွေဘာတွေကို တပ်တော်ဝင်သွားမယ် ပုံစံမျိုးနဲ့ လုပ်တာလို့ မြင်မိတယ်။ လောလောဆယ်တော့ လေး စီးပဲ တပ်တော်ဝင်တာ တွေ့ရတယ်” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

မြန်မာနိုင်ငံသို့ အာဏာသိမ်းပြီးနောက် စတင်ပို့ဆောင်လာသော SU-30 SME တိုက်လေယာဉ်များမှာ လေယာဉ်အမှတ် – 1906 ၊ 1905 ၊ 1904 ၊ 1903၊ 1902၊ 1901 ဟူ၍ ခြောက် စီးရှိထားပြီး ထိုအထဲမှ နောက်ဆုံး နှစ် စီးဖြစ်သည့် လေယာဉ်အမှတ် 1901 နှင့် 1902 တို့အား စစ်ခေါင်းဆောင်က တပ်တော်ဝင်ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် ၎င်းတို့အထိနာ စစ်ရှုံးခဲ့ရသော ကရင်၊ ကချင်၊ ရခိုင်နှင့် ရှမ်းမြောက်တို့တွင် ရာသီမရွေး တိုက်ပွဲဝင်နိုင်သော အင်ဂျင် နှစ် လုံးတပ် ဘက်စုံသုံး SU-30 SME တိုက်လေယာဉ်များကို ထုတ်သုံးရန် ပြင်ဆင်ခဲ့ဖူးကြောင်း လေတပ်အသိုင်းအဝိုင်းထံမှ သိရသည်။

 

ထိုအချိန်က တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများကို တိုက်ခိုက်ရာတွင် အသုံးပြုသော ၎င်းတို့လေယာဉ်၊ ရဟတ်ယာဉ်များသည် ပစ်ချ၊ ပျက်ကျမှုများ မကြာခဏ ကြုံတွေ့နေရသောကြောင့် တစ်စင်းလျှင် အမေရိကန်ဒေါ်လာ သန်း ၄၀ နီးပါး တန်ဖိုးရှိ SU-30 SME များအား ထုတ်မသုံးခဲ့ခြင်းလည်းဖြစ်ကြောင်း သိရသည်။

“SU-30 က ရောက်ထားတာ ခြောက် စီးတော့ ရှိပြီ။ ဒါပေမယ့် တပ်တော်ဝင်မှာ ပြထားတဲ့ 1901၊ 1902 က အရင်‌ရောက်ပြီးသား အဟောင်းတွေလို့ သိရတယ်။ လေယာဉ်တွေက ဝယ်တယ်ဆိုရင် ချက်ချင်းဝယ်၊ ချက်ချင်းရောက်မလာဘူး” ဟု လေတပ် CDM အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထိုသို့ ဝယ်ယူပြီးသား လေယာဉ်များ ရောက်လာချိန်တွင် ထုတ်နှုတ်ကာ လေတပ်၏ နှစ်ပတ်လည်နေ့ဖြစ်သော နှစ်စဉ် ဒီဇင်ဘာ ၁၅ ရက်၌ ပုံမှန်ပြုလုပ်‌လေ့ရှိသော်လည်း ယခုကဲ့သို့ တပ်တော်ဝင် ဝါဒဖြန့်ထုတ်လာပြမှုသည် တော်လှန်ရေးအဖွဲ့များကို ခြိမ်းခြောက်ခြင်းလည်းဖြစ်ကြောင်း ၎င်းက ဆက်လက်ထောက်ပြသည်။

 

လက်ရှိတွင် SU-30 SME တိုက်လေယာဉ်များကို လေ့ကျင့်ရေးအတွက်သာ အသုံးပြုနေပြီး နေပြည်တော်ရှိ အေလာလေတပ်ဌာနချုပ်၌ ထားရှိကာ ဆက်စပ်ပစ္စည်းများအား အမှတ်(၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂)နှင့် ကပစ-၂၄ တို့တွင် အဓိကထုတ်လုပ်နေကြောင်း လေတပ်အသိုင်းအဝိုင်း၏ ပြောပြချက်အရ သိရသည်။

 

အလားတူ ယခုတပ်တော်ဝင် ထုတ်ပြလာသော K-8W အမျိုးအစားဖြစ်သည့် လေယာဉ်အမှတ် 3939 နှင့် 3940 တိုက်လေယာဉ် တို့သည်လည်း ကရင်နီတွင် ပျက်ကျသွားသော လေယာဉ်အဟောင်းများဖြစ်ပြီး ယင်းနံပတ် အဟောင်းများဖြင့် လေယာဉ်အသစ်ပုံစံ ပြန်ထုတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

“အဲဒီ K-8W 3939 နဲ့ 3940 တို့က ကရင်နီ စစ်ဆင်ရေးအတွင်းမှာ ပစ်ချခံရလို့ ပျက်ကျသွားတဲ့ကောင်တွေ၊ အဲဒါ (လေယာဉ်အမှတ်) တွေကို ပြန်အစားထိုးပြီး လေယာဉ်အသစ် လုပ်ထားတာမျိုး။ ဒါကို လေယာဉ်ပြင်တဲ့ စက်ရုံမှာ ဖွင့်ပွဲလုပ်သွားတယ်” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက သုံးသပ်ထောက်ပြသည်။

 

စစ်ကော်မရှင်ကမူ တပ်တော်ဝင်မှု အခမ်းအနားနှင့် စစ်ခေါင်း‌ဆောင်၏ ဝါဒဖြန့် ခြိမ်းခြောက်‌ပြောဆို၊ မဟုတ်မမှန် ထုတ်ကြွားမှုများကိုသာ ကြီးကြီးကျယ်ကျယ် ထုတ်ပြန်ဖော်ပြထားပြီး မည်သည့်လေယာဉ် အမျိုးအစား ဆိုသည်နှင့် အစီးရေ အရေအတွက်တို့အား ထိန်းချန်ထားကြောင်း တွေ့မြင်သိရသည်။

 

ဓာတ်ပုံ-MOI