ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲတွင် ကိုးကန့်တပ်(MNDAA)နှင့် တအာင်းတပ်(TNLA)တို့ ယနေ့မနက်ပိုင်းတွင် တိုက်ပွဲဖြစ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ မတ် ၁၄ ရက် နံနက်ပိုင်းတွင် MNDAA တပ်ဖွဲ့မှ ဒရုန်းနှင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြေပြင်၌အပြန်အလှန်ပစ်ခတ်သည့် အခြေအနေရှိမရှိကို မသိရသေးဘဲ သိန္နီနှင့် ကွတ်ခိုင်မြို့ကြားရှိ မန်ပိန်းရွာဘက်တွင် တိုက်ပွဲဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။

“MNDAA ဘက်က ဒရုန်းနဲ့စတင်တိုက်ခိုက်တာတွေလုပ်နေပြီ။ အဖွဲ့စုံရှိနေတာပေါ့ ကွတ်ခိုင်မှာက။ အခု ကျွန်တော်တို့လည်း ဘယ်ရှောင်လို့ရှောင်ရမယ်မသိသေးဘူး”ဟု ကွတ်ခိုင်ရောက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် မြို့ထဲတွင် လက်နက်ကြီးပစ်ခတ်သံများကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။