ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၏ အခြေခံစစ်ပညာသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့သည့် မတ် ၄ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားကို ပဲခူးတိုင်းတစ်နေရာရှိ အထူးတိုင်းစစ်ဌာန၏ အမှတ်(၂) လေ့ကျင့်ရေး သင်တန်းကျောင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသင်တန်းကို အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူများက တက်ရောက်ခဲ့ ခြင်းဖြစ်သည်။

“အထူးတိုင်းစစ်ဌာနအနေနဲ့ တပ်စုဖွဲ့မှုတွေကို အားစိုက်ဆောင်ရွက်နေသလို တပြိုင်နက်တည်းမှာပဲ လိုအပ်တဲ့ စစ်အခြေခံသင်တန်း၊ မွန်းမံသင်တန်းတွေကိုလည်း စံကိုက်သင်ရိုးအတိုင်း စီမံချက်ထား လေ့ကျင့်နေပါတယ်။ ထပ်တိုးလာတဲ့ ရဲဘော်သစ်အင်အားတွေကို စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး တွေမှာ အားဖြည့်သွားမှာပါ” ဟု အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ဦးစီးချုပ်၏ ဂုဏ်ပြုသဝဏ်လွှာ ဖတ်ကြားခြင်း၊ စစ်ရေးချုပ်၊ စစ်ထောက်လှမ်းရေးချုပ် နှင့် အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူးမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်းတို့ အပါအဝင် ထူးချွန်ကျောင်းသားများကို လည်း ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အထူးတိုင်းစစ်ဌာန