ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်

 

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ကျေးရွာအချို့တွင် စစ်ကော်မရှင်ခန့် အုပ်ချုပ် ရေးမှူးနှင့် နယ်ထိန်းရဲများက အပတ်စဉ် လိုင်းကြေးယူကာ လောင်းကစားဝိုင်းများကို ဖွင့်လှစ်ခွင့် ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

 

ငါးသိုင်းချောင်းမြို့၊ မြစ်ဆယ်အုပ်စု၊ ရွာသစ်ကုန်းကျေးရွာရှိ ခြံဝင်းတစ်ခုအတွင်း ခြောက်ကောင်ဂျင်၊ လေးကောင်ဂျင်နှင့် ကြက်ဝိုင်းများကို ငါးလခန့်ကြာသည်အထိ နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။

 

 

အဆိုပါ လောင်းကစားဝိုင်းများအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလေးနှင့် နယ်မြေရဲစခန်းမှ နယ်ထိန်းများက တစ်ပတ်လျှင် ကျပ်သိန်း ၃၀ ခန့် လိုင်းကြေးယူ၍ ခွင့်ပြုထားခြင်းဖြစ်ကြောင်း ဒေသခံ များက ဆိုသည်။

 

“မြို့နယ်နဲ့ အုပ်ကြီး၊ ရဲတွေအပြင် လောင်းကစားလုပ်တဲ့ ခြံပိုင်ရှင်ကိုပါ ငွေပေးပြီး လုပ်နေကြတာ။ တစ်ရက်မှ မနားဘူး။ ဒီဝိုင်းတွေကြောင့် နီးစပ်တဲ့ရွာတွေမှာ သူခိုး၊ ဓားပြရန်ကိုပါ ကြောက်လန့် နေရတယ်” ဟု မြစ်ဆယ်အုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများနှင့် ပတ်သက်၍ ရေကြည်မြို့နှင့် ငါးသိုင်းချောင်းမြို့ရှိ စစ်ကော်မရှင် အာဏာပိုင်များထံ တိုင်ကြားမှုများ ရှိခဲ့သော်လည်း ၎င်းတို့ကိုယ်တိုင် လိုင်းကြေးယူထားခြင်းကြောင့် ယနေ့အထိ တစ်စုံတစ်ရာ အရေးယူခြင်း မရှိကြောင်း သိရသည်။

 

 

အလားတူ ဟင်္သာတမြို့နယ်၊ ရှားခဲတိုက်နယ်တွင်လည်း အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဦးစီးသည့် လောင်းကစားဝိုင်းအကြောင်းကို ဧရာဝတီတိုင်းမ်က ဖော်ပြပြီးနောက် ခေတ္တဖျက်သိမ်းသွားသော်လည်း ပါဝင်ပတ်သက်သူများကို တစ်စုံတစ်ရာ အရေးယူခဲ့ခြင်း မရှိခဲ့ပေ။

 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် စစ်ကော်မရှင် လက်အောက်ခံ အဖွဲ့အစည်းများကို လိုင်းကြေးပေးကာ လောင်းကစားဝိုင်းများကို အနှောင့်အယှက်မရှိ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လာကြောင်း စုံစမ်းသိရသည်။

 

ပုံစာ-ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြစ်ဆယ်အုပ်စု၊ ရွာသစ်ကုန်းကျေးရွာတွင်ပြုလုပ်နေသည့် လောင်းကစားဝိုင်း