ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်

 

မြန်မာနေရှင်နယ်လိဂ် (MNL) ပွဲစဉ်အတွင်း အမျိုးသမီးပရိသတ်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းခေါင်းဆောင် မောင်မောင်လွင်အား ခြောက် လ ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ငွေ ကျပ်သိန်း ၃၀ ချမှတ်လိုက်ကြောင်း MNL က ယနေ့ မတ် ၁၃ ရက် တွင် ထုတ်ပြန်သည်။

 

သန်လျင်မြို့၊ သီဟဒီပကွင်းတွင် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ် ၁၂၂ ပထမပိုင်းအပြီး၌ ရန်ကုန်ယူနိုက်တက် ကျောနံပါတ် (၇၇) မောင်မောင်လွင်သည် ပွဲကြည့်စင်ပေါ်သို့ ပြေးတက်ကာ အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက် တွန်းထိုးကျူး လွန်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ MNL စည်းကမ်းထိန်းသိမ်းရေးကော်မတီက စစ်ဆေးရာတွင် မောင်မောင်လွင်သည် ကစားသမားတစ်ဦး လိုက်နာရမည့် ကျင့်ဝတ်ကို ဖောက်ဖျက်ကာ ပြင်းထန်သည့် ကျူးလွန်မှုပြုလုပ်ခဲ့သည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် မောင်မောင်လွင်ကို ဆဲရေးတိုင်းထွာခဲ့သည်ဟု ဆိုသော အမျိုးသမီးပရိသတ်ကိုလည်း စည်းကမ်း ချက်များအရ ဆက်လက်အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ ဖြစ်စဉ်အတွင်း ကစားသမား၏ ကျူးလွန်မှုကို အနီကတ်ပြခြင်းမရှိဘဲ မျက်ကွယ်ပြုခဲ့သည့် ကွင်းလယ်ဒိုင် ဦးကျော်ဇယျအောင်၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့ကိုလည်း တာဝန်ပျက်ကွက်မှုဖြင့် သုံးပွဲစီ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် တစ်ဦးဖြစ်သူ မောင်မောင်လွင်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အတွင်းကလည်း ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ကျင်းပသည့် မြန်မာ-အင်ဒိုနီးရှား ပွဲစဉ်အပြီးတွင် ပရိသတ်များကို ဆဲရေး တိုင်းထွာသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်