ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်
ဖေဖော်ဝါရီလ ၂၈ ရက်မှာ စတင်ခဲ့တဲ့ အမေရိကန်-အစ္စရေး တိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန် မှုအဖြစ် ဟော်မုဇ်ရေလက်ကြားကို ဆက်ပိတ်ထားမယ်လို့ အီရန်အဓိပတိသစ် မိုတာဘာခါမေနီက ကြာသ ပတေးနေ့မှာ ကြေညာခဲ့ပါတယ်။
“ပြည်သူလူထုရဲ့ဆန္ဒကတော့ ရန်သူကို နောင်တရသွားစေမယ့် ခုခံကာကွယ်မှုတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်” လို့ အီရန်ဉသျှောင်သစ်အဖြစ် ခန့်အပ်ခံရပြီးနောက် ပြည်သူလူထုထံ ပေးပို့တဲ့သတင်းစကားမှာ ၎င်းက ပြောပါတယ်။
အီရန်နိုင်ငံအနေနဲ့ လက်ရှိပဋိပက္ခရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် အခြား စစ်မျက်နှာစာသစ်တွေ ဖွင့်လှစ်ဖို့ တွက်ချက်မှုတွေ ပြုလုပ်ထားကြောင်း၊ အဆိုပါ စစ်မျက်နှာစာသစ်များမှာ ရန်သူအနေနဲ့ အတွေ့ အကြုံ အလွန်နည်းပါးပြီး အလွယ်တကူ ထိခိုက်ပျက်စီးသွားနိုင်တဲ့ နေရာတွေဖြစ်တယ်လို့ မိုတာဘာ ခါမေ နီက ဆိုပါတယ်။
အဆိုပါ စစ်မျက်နှာစာသစ်တွေကို အသက်သွင်းခြင်းဟာ စစ်ပွဲအခြေအနေ ဆက်လက်ဖြစ်ပွားနေ ပါက သို့မဟုတ် အမျိုးသား အကျိုးစီးပွားဆိုင်ရာ စဉ်းစားချက်တွေနဲ့ ကိုက်ညီပါက ဆောင်ရွက်နိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အီရန်နိုင်ငံရဲ့ ရဲစွမ်းသတ္တိရှိသော စစ်သည်တော်တွေက ရန်သူကို ဟန့်တားနိုင်ခဲ့ပြီး နိုင်ငံအပေါ် ရန်သူက လွှမ်းမိုးချုပ်ကိုင်၍ မရနိုင်ကြောင်း သက်သေပြခဲ့ပြီးဖြစ်တယ်လို့ ခါမေနီက ပြောပါတယ်။
တိုက်ခိုက်မှုများအတွင်း ကျဆုံးခဲ့ရတဲ့ အီရန်နိုင်ငံသားတွေရဲ့ သွေးကြွေးအတွက် တီဟီရန်အနေနဲ့ လက်စားချေသွားမယ်လို့ ၎င်းက ထပ်လောင်းပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်လျက်ရှိပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေကြောင့် အီရန်အဓိပတိဟောင်း အလီခါမေနီနဲ့ ကျောင်းသူ ၁၅၀ ကျော် အ ပါအဝင် စုစုပေါင်း လူပေါင်း ၁,၃၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ တိုက်ခိုက်မှု တွေကြောင့် လူပေါင်း ၁၀,၀၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; Iran’s new supreme leader vows to keep Strait of Hormuz closed