ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်

 

ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ အမည်ပျက်စာရင်းမှ လွတ်မြောက်ရေး အတွက် ရည်ရွယ်ကာ စစ်ကော်မရှင်က ‘ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ’ ကို ယမန်နေ့ မတ် ၁၁ ရက်နေ့က ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည်။

 

မြန်မာနိုင်ငံသည် FATF ၏ အမည်းစာရင်း(Black list) တွင် ပါဝင်နေခြင်းကြောင့် နိုင်ငံတကာ ငွေလွှဲ လုပ်ငန်းများတွင် တင်းကျပ်သည့် စစ်ဆေးမှုများခံနေရပြီး ငွေလွှဲရခက်ခဲခြင်း၊ ကြန့်ကြာခြင်းနှင့် ကုန်ကျစရိတ် မြင့်မားခြင်းများဖြင့် ရင်ဆိုင်နေရသည်။

 

ထို့ကြောင့် အဆိုပါအခြေအနေမှ လွတ်မြောက်ရန်အတွက် FATF ၏ အကြံပြုချက်များကို အကောင် အထည်ဖော်ရန် စစ်ကော်မရှင်ဘက်က ကြိုးပမ်းလာခြင်းဖြစ်သည်။

ငွေကြေးချဝါချမှုတိုက်ဖျက်ရေးဥပဒေပြဌာန်းရာတွင် ငွေကြေးချဝါချမှု၊ အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှု၊ လူအများအပြား သေကျေစေနိုင်သော လက်နက်များပြန့်ပွား စေရန် ငွေကြေးထောက်ပံ့မှု၊ မူလပြစ်မှုများတိုက်ဖျက်ရေးအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ နှင့်ပူးပေါင်းနိုင်ရေး ရည်ရွယ် ကြောင်းပါဝင်သည်။

 

အဆိုပါဥပဒေတွင် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနှင့် လက်နက်ပြန့်ပွားမှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု များအပြင် အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် ဆိုက်ဘာမှုခင်းများအထိ ကျယ်ပြန့် စွာ ပါဝင်သည်။

 

သို့သော်လည်း အဆိုပါပြစ်မှုများကို စုံစမ်းရန်ဆိုသည့် ခေါင်းစဉ်အောက်တွင် ပြည်ထဲရေးဝန်ကြီး ဌာနအား ကွန်ပျူတာစနစ်၊ အွန်လိုင်းကွန်ရက်၊ ဒေတာဆာဗာနှင့် တယ်လီဖုန်းဆက်သွယ်မှုများကို ကြားဖြတ်နားထောင်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် ဖမ်းယူခြင်းများ ပြုလုပ်ခွင့်ပေးထားသည်။

 

အဆိုပါ အချက်သည် ပြည်သူများ၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး လွတ်လပ် ခွင့်အတွက် ကြီးမားသည့် စိုးရိမ်မှုတစ်ခု ဖြစ်လာနေသည်။

 

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုထင်ရှားပါက လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ်အထိ သို့မဟုတ် ငွေဒဏ် ကျပ်သန်း ၅၀ မှ ၁၀၀ အထိ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်မည်ဖြစ်ပြီး ကုမ္ပဏီအဖွဲ့အစည်းများအတွက်မူ ကျပ်သန်း ၂၀၀ မှ ၅၀၀ အထိ ငွေဒဏ်သတ်မှတ်ထားသည်။

 

မြန်မာနိုင်ငံသည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ကတည်းက FATF ၏ အမည်စာရင်း သတ်မှတ်ခံထားရပြီး ယခုဥပဒေအသစ်သည် FATF ၏ Action Plan များကို အပြည့်အဝ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းချက်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြား ထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်၊ ဧရာဝတီတိုင်းမ်