ဧရာ၀တီတိုင်းမ်
မတ် ၁၂ ရက်

 

ယနေ့ မတ်လ ၁၂ ရက်နေ့သည် မြန်မာ့မီဒီယာလောက၏ မီးရှူးတန်ဆောင်၊ ဒီမိုကရေစီတိုက်ပွဲ၏ သံမဏိစိတ်ဓာတ်ပိုင်ရှင် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ (၉၆) နှစ်မြောက် မွေးနေ့ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်တွင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့၌ မွေးဖွားခဲ့သော ဆရာကြီးသည် မြန်မာ့သမိုင်း၏ အရေးကြီးသည့် ကာလအသီးသီးတွင် အမှန်တရားဘက်မှ ရပ်တည်ကာ အာဏာရှင်စနစ်ကို မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

 

ဆရာကြီး ကွယ်လွန်သွားခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ကျော်လွန်ခဲ့ပြီဖြစ်သော်လည်း သူချန်ရစ်ခဲ့သည့် လမ်းစဉ်နှင့် သတိပေးစကားများမှာ ယနေ့ထက်တိုင် ရှင်သန်နေဆဲ ဖြစ်သည်။

 

အထူးသဖြင့် ဆရာကြီး သက်ရှိထင်ရှားရှိစဉ်က ပြောကြားခဲ့သော “မင်းတို့နိုင်ငံရေးက ပျက်မှာပဲ။ တစ်အချက်က မရိုးသားကြဘူး၊ နှစ်အချက်က ကျေးဇူးရှိသူကို မဖော်ပြရဲဘူး” ဟူသည့် စကားမှာ ယနေ့ကာလအတွက် အလွန်ပင် လေးနက်သော သတိပေးချက်တစ်ခုဖြစ်သည်။

နိုင်ငံရေးဟူသည် ပြည်သူ့အကျိုးကို ရှေးရှုရမည့် လုပ်ငန်းဖြစ်သော်လည်း ကိုယ်ကျိုးစီးပွားနှင့် အာဏာ မက်မောမှုများကြားတွင် “ရိုးသားမှု” ကင်းမဲ့လာပါက မည်မျှပင် အင်အားကြီးမားသည့် အဖွဲ့အစည်း ဖြစ်စေကာမူ ပျက်စီးခြင်းသို့သာ ဆိုက်ရောက်ပေလိမ့်မည်။

 

ထို့အတူ “ကျေးဇူးရှိသူကို မဖော်ပြရဲခြင်း” ဟူသည့်အချက်မှာလည်း သမိုင်းကြောင်း၏ အမှန်တရားကို မျက်ကွယ်ပြုခြင်း၊ ရှေ့ဆောင်လမ်းပြခဲ့သူများ၏ အခန်းကဏ္ဍကို ကိုယ့်ဝါဒနှင့် မကိုက်ညီ၍ ချန်လှပ် ထားခြင်း သို့မဟုတ် အသိအမှတ်ပြုရန် ဝန်လေးခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဓာတ်ရေးရာ ပျက်ယွင်းမှုပင် ဖြစ်သည်။

 

ဆရာကြီး ဦးဝင်းတင်သည် စစ်အာဏာရှင်စနစ်နှင့် ပတ်သက်လျှင် မည်သည့်အခါမျှ အလျှော့အတင်း မရှိခဲ့ပေ။ “ဒီတိုင်းပြည်မှာ စစ်အာဏာရှင်တွေရဲ့ ကျေးဇူးမူးလို့တောင် ရှူစရာမရှိဘူး” ဟု ပြတ်ပြတ် သားသား ဆိုခဲ့သည့် ဆရာကြီး၏ စကားသည်လည်း ဝါဒဖြန့်မှုများကြားတွင် ဝေဝါးနေသူများအတွက် အမှန်တရားကို မျက်စိဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။

 

အာဏာရှင်ကို ဒူးမထောက်ကြောင်း သံမဏိစိတ်ဓာတ်ကို ပြသခဲ့သည့် အကြီးမားဆုံးသော သင်္ကေတမှာ ဆရာကြီး ဝတ်ဆင်ခဲ့သော “အပြာရောင် ထောင်ဝတ်စုံ” ဖြစ်သည်။ ဆရာကြီးသည် အသက် ၅၉ နှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်ထဲတွင် ၁၉ နှစ်နီးပါး ဖြတ်သန်းနေထိုင်ခဲ့ရကာ အသက် ၇၈ နှစ် အရွယ်တွင်မှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

 

၂၀၀၈ ခုနှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားအားလုံး လွတ် မြောက်ခြင်းမရှိသေးသရွေ့ မိမိသည် ထောင်သားတစ်ဦးသာဖြစ်သည်ဟု ခံယူကာ အသက်ဆုံး သည်အထိ အပြာရောင်အင်္ကျီကိုသာ ဆက်လက်ဝတ်ဆင်သွားမည်ဟု သစ္စာဆိုခဲ့သူဖြစ်သည်။

 

ဆရာကြီးသည် တိုက်ပွဲဝင်နေကြသူများအား “စိတ်ဓာတ်မကျိုးပဲ့စေနဲ့၊ စုဖွဲ့မှုမကျိုးပဲ့စေနဲ့၊ ကျန်းမာရေး မကျိုးပဲ့စေနဲ့” ဟုလည်း အစဉ်အမြဲ မှာကြားလေ့ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ဆရာကြီး၏ မှာကြားချက်ဖြစ်သော “သွေးမအေးကြဖို့” သာမက၊ ကိုယ့်ကိုယ်ကိုယ်နှင့် ပြည်သူ့အပေါ် “ရိုးသားကြဖို့” ကိုပါ ပြန်လည်ဆန်းစစ်ကြရမည်ဖြစ်သည်။

 

ရိုးသားမှုနှင့် သမိုင်းအပေါ် သစ္စာရှိမှုတို့ဖြင့် တည်ဆောက်မှသာလျှင် ကျွန်ပ်တို့ မျှော်လင့်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပန်းတိုင်သို့ မလွဲမသွေ ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း ဆရာကြီး၏ ၉၆ နှစ်ပြည့် မွေးနေ့တွင် လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်။