ဧရာဝတီတိုင်းမ်
(ထားဝယ်)၊ မတ် ၁၂ ရက်
တနင်္သာရီတိုင်း၊ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး(KNU)နယ်မြေ သရက်ချောင်းမြို့နယ်အတွင်း စစ်ကော်မရှင်ကနှစ်ပေါင်း ၃၀ ကျော်ကြာ အခြေချတပ်စွဲထားသည့် ဝင်းဝတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ မတ် ၁၁ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ထားဝယ်-မြိတ် အမှတ် (၈) လမ်းမကြီးပေါ်ရှိ ဝင်းဝတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ တစ်လကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် မတ် ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့ပြီးနောက် ဝင်းဝတပ်စခန်းမှ လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲအတွင်းကျဆုံးခဲ့ရသည့် တော်လှန်ရေးရဲဘော်များကိုလည်း KNU မှ အသိအမှတ်ပြုဂုဏ်ပြုကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ကရင်လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဗျူဟာအမှတ် (၂) ၏ ဦးဆောင်မှုဖြင့် တပ်မဟာ-၄၊ တပ်မဟာ-၆ လက်အောက်ခံတပ်ရင်းများ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ (၃၄)လက်အောက်ခံ T(5) တပ်ရင်းနှင့် ထားဝယ်ခရိုင်ပကဖပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ – KNU