ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်
စက်သုံးချွေတာရေး အပါအဝင်အကြိမ်ကြိမ် ဆီထည့်ခြင်းမပြုနိုင်ရန်အတွက် တစ်နေ့တစ်ကြိမ်သာ QR Code ဖြင့် ဆီထည့်ခွင့်ပြုမည်ဟု ယနေ့ မတ်လ ၁၂ ရက်နေ့တွင် စစ်ကော်မရှင်က အမိန့်ထုတ် ပြန်ပြီးနောက် လိုင်စင်မရှိသည့် ဆိုင်ကယ်ဘေးတွဲများ ဆီဝယ်ယူခွင့် မရတော့ကြောင်း သိရသည်။
စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် QR code ဖတ်ပြီး ဆီရောင်းမည့်စနစ်ကို ယနေ့ မတ် ၁၂ ရက်မှစတင်ကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် တောင်ကြီးမြို့တို့တွင် စီမံချက်စတင်ပြီ ဖြစ်ကြောင်း စစ်ကော်မရှင်ထုတ်ပြန်သည်။
စက်သုံးဆီဝယ်ယူရာ၌ မော်တော်ယာဉ်များတွင် wheel tax ပါ barcode ကို စက်ဆုံးဆီ အရောင်းဆိုင်များက QR code scan ဖတ်ခြင်း၊ ဆိုင်ကယ်များအတွက် wheel tax တွင် barcode မပါသည့်အတွက် ဆီအရောင်းဆိုင်တွင် QR code ထုတ်ယူရမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်းရှိ အများပြည်သူအသုံးများသော ဆိုင်ကယ်ကယ်ရီဘေးတွဲများ စက်သုံးဆီ ဖြည့်ခွင့်မရကြောင်း ဘေးတွဲမောင်းနှင်သူများထံမှ သိရသည်။
“ မနေ့ကအထိ ဆီ ၅၀၀၀ ဖိုးဝယ်လို့ရတယ်။ ဒီနေ့မရတော့ဘူး။ ဆီဆိုင်သွားတော့ ဆီမရဘူးပဲ ပြော တယ်။ QR code ကိစ္စတွေဘာမှမပြောဘူး။ အပြင်မှာဆီတစ်လီတာ ၆၀၀၀ ကျပ်ရှိတယ်။ ဘယ်လို ဖြစ်မလဲ မသိသေးဘူး။ အခုတော့ရှိတဲ့ ဆီနဲ့ အငှားလိုက်နေရတာပဲ” ဟု အင်းစိန်မြို့နယ်ရှိ ဘေးတွဲ မောင်းနှင် သူတစ်ဦးက ပြောသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲကာလတွင် ဆိုင်ကယ်ဘေးတွဲများကို QR code များ ထုတ်ပေးကာ ပါတီဆိုင်းပုဒ်များစောင့်ခိုင်းခြင်း၊ မဲပေးသူများကို ကြိုဆိုခိုင်းခြင်းနှင့် ၎င်းတို့၏ အကျိုးစီးပွားအတွက်အသုံးချခဲ့သည်။
အဆိုပါ QR code စနစ်ဖြင့်စက်သုံးဆီဝယ်ယူရာတွင် တစ်နေ့လျှင် တစ်ကြိမ်သာဝယ်ယူခွင့်ရှိမည်ဖြစ်ပြီး ထပ်မံတန်းစီဝယ်ယူမှုမရှိစေရန်အတွက် တားမြစ်သွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ရှိ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထို့ပြင်စက်သုံးဆီဝယ်ယူရာ၌ လီတာကန့်သတ်ထားပြီး ဆိုင်ကယ် ၂ လီတာ ကျပ် ငါးထောင်ခန့်၊ သုံးဘီး ၄ လီတာ ကျပ်တစ်သောင်းခန့်၊ အိမ်စီးကား ၂၀ လီတာ ကျပ် ငါးသောင်းခန့်နှုန်းဖြင့်ရရှိမည်ဖြစ်ကြောင်း စက်သုံးဆီဆိုင်များထံမှ သိရသည်။
ယင်းပြင်ပုဂ္ဂလိဂမော်တော်ယာဉ်များ မောင်းနှင်ရန်အတွက် စုံ/ မ စနစ်သတ်မှတ်ထားသည်ဖြစ်၍ ယင်းအစီအစဉ်တိုင်းသာ စက်သုံးဆီထည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်