ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ မတ်လ ၁၂ ရက်

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ရမ်းထလိုကျေးရွာအတွင်းသို့ စစ်ကော်မရှင်က ပစ်ခတ်ထားသည့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်ဟောင်း ပေါက်ကွဲမှုကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး သေဆုံးပြီး တစ်ဦး ခြေထောက်ပြတ်ထွက်ကာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ မတ်လ ၁၁ ရက်နေ့က ရမ်းထလိုကျေးရွာရှိ ကလေးငယ်အချို့သည် ယခင်က စစ်ကော်မရှင် ပစ်ခတ်ထားပြီး မပေါက်ကွဲဘဲ ကျန်ရစ်နေသည့် လက်နက်ကြီးကျည်အား ဆော့ကစားကြရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အရင် စစ်ကော်မရှင် ရွာထဲကို ပစ်ခတ်တဲ့ လက်နက်ကြီးကျည် မပေါက်ကွဲဘဲကျန်နေတာ။ အဲ့ဒီ ကျည်ကို ကလေးတွေက ခဲတွေနဲ့ပစ် ထုနှက်ဆော့ကစားကြတာပါ။ အဲမှာ ပြင်းထန်စွာ ပေါက်ကွဲမှု ဖြစ်ပြီး ကလေးတယောက်က ပွဲချင်းပြီး နေရာလေးတင် ဆုံးသွားတယ်။ တခြားကလေး တစ်ယောက် လည်း ခြေထောက်တစ်ဖက်ပြတ်သွားတယ်”ဟု ဖလမ်းမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ပေါက်ကွဲမှုကြောင့် အသက် (၁၁) နှစ်အရွယ် ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ခြေထောက်တစ်ဖက် ပြတ်ထွက်သွားသည့်အပြင် အခြားပြင်းထန် ဒဏ်ရာများ ရရှိထားသဖြင့် အရေးပေါ် ဆေးကုသမှုခံယူနေရသည်။

 

ဖလမ်းမြို့နယ်တွင် စစ်ကြောင်းထိုးသည့် စစ်ကော်မရှင်တပ်သည် တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးကျည်ပစ်ခတ်မှုအပြင် ဒရုန်းဖြင့် တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောငလျက်ရှိသည်။

 

ထိုသို့ တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည့်အပြင် ကျေးရွာအတွင်း ကျန်ရစ်နေသော မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်နှင့် ဒရုန်းသီးများသည်လည်း ဒေသခံပြည်သူများအတွက် အန္တရာယ်တစ်ခု ဖြစ်လာနေသည်။