ဧရာဝတီတိုင်းမ်
(ကျောက်မဲ)၊ မတ် ၁၂ ရက်

 

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စု ပုံဝိုးကျေးရွာ နှင့် ကွမ်ဟင်ကျေးရွာတွင် ပြီးခဲ့သည့် မတ် ၁၀ ရင်နေ့က ရှမ်းပြည်တိုးတက်ရေးပါတ (SSPP/SSA) နှင့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ဒေသခံများကို နှိပ်စက်ညှင်းပန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက ပုံဝိုးကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ ဒေသခံများကို ကျေးရွာဘုန်းကြီးကျောင်းအတွင်း စုဝေးခိုင်းခဲ့ပြီး နေအိမ်များကို ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

ထို့ပြင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ဒေသခံရွာသားများကို ဖမ်းဆီးကာ ကျောကုန်းကို ဓားဖြင့်လှီးဖြတ်ခြင်းအပါအဝင် ရိုက်နှက်နှိပ်စက်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း SSPP ထုတ်ပြန်ထားသည်။

 

စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်း ခံထားရသည့် ဒေသခံအချို့မှာ မတ် ၁၁ ရက်နေ့ ညပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ဖမ်းဆီးခံထားရသူများလည်း ဆက်လက်ရှိနေကာ လက်ရှိတွင် နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် မတ် ၁၀ ရက်နေ့ က ပုံဝိုးကျေးရွာနှင့် ကွမ်ဟင်ကျေးရွာအနီးတွင် SSPP နှင့် စစ်ကော်မရှင် ခမရ-၅၀၆၊ ခမရ-၁၁၅ တပ်ရင်းမှ ပူးပေါင်းတပ်ဖွဲ့တို့ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။