ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်

အာဏာသိမ်းမှုကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့ ကျဉ်ဖယ်ခြင်းကို ခံထားရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့နှင့် ဆက်ဆံရေးရှိနေသည့် နိုင်ငံအနည်းငယ်ကို ရည်ညွှန်းကာ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဝါဒဖြန့် ပြောဆို ခဲ့သည်။

စစ်အုပ်စု၏ ၅ နှစ်တာ လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို မတ်လ ၁၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ပြောဆို ခဲ့ခြင်း ဖြစ်သည်။

“မိမိတို့ တာဝန်ထမ်းဆောင်ချိန်အတွင်း ထိုင်း၊ တရုတ်၊ ရုရှား၊ ဘယ်လာရုစ်နှင့် ကာဇတ်စတန်နိုင်ငံများသို့ ခရီးသွားခဲ့ပြီး နိုင်ငံတကာနှင့် ပူးပေါင်းမှုမှတစ်ဆင့် နိုင်ငံအကျိုးစီးပွား မြှင့်တင်နိုင်ရန် ဆောင်ရွက် ခဲ့သည်” ဟု စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းတို့အနေဖြင့် ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ ၅ ချက်ကို လိုက်နာနေကြောင်းလည်း အဆိုပါ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင်က နိုင်ငံတကာနှင့် ပူးပေါင်းနေသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ အာဏာသိမ်းမှု၊ စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံနှင့် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုကို ပြင်းပြင်းထန်ထန် ခံထားရဆဲ ဖြစ်သည်။

အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာရန် ပျက်ကွက်နေသဖြင့် အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ခံထားရသလို ၎င်းတို့ကျင်းပသည့် အတု အယောင် ရွေးကောက်ပွဲကိုလည်း ကမ္ဘာ့ နိုင်ငံအများစုက အသိအမှတ်ပြုထားခြင်းမရှိဘဲ လက်မခံကြောင်း ကြေညာထားသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရင်ဆိုင်နေရသည့် အမှုနှင့် ပတ်သက်၍လည်း ဥပဒေကြောင်းအရ ထိရောက်စွာ ဖြေရှင်းနိုင်ခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသော်လည်း လက်တွေ့တွင်မူ အာဆီယံအဖွဲ့ဝင် အရှေ့တီမောအပါအဝင် နိုင်ငံတကာတွင် စစ်ခေါင်းဆောင်များကို စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုထားမှုများမှာ တိုးပွားလျက်ရှိသည်။

စစ်ခေါင်းဆောင်သည် အနောက်အုပ်စု၏ ကျဉ်ဖယ်မှုနှင့် ဖိအားများကို ကျော်လွှားနိုင်ရန် တရုတ်နှင့် ရုရှားတို့၏ အကူအညီကိုသာ အဓိက မှီခိုနေရကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။

ဓာတ်ပုံ-MOI