ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်
အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်နေချိန်၌ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ဒူဘိုင်းမြို့မှ အိန္ဒိယနိုင်ငံသို့ ဦးတည်ခုတ်မောင်းနေသည့် ထိုင်းကုန်တင်သင်္ဘော ‘Mayuree Naree’ သည် ဟော်မုဇ်ရေလက်ကြားအနီးတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် သင်္ဘော၏ နောက်ပိုင်းအင်ဂျင်ခန်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး သင်္ဘောကို ထိန်းချုပ်မောင်းနှင်နိုင်ခြင်း မရှိတော့သဖြင့် သင်္ဘောသား ၂၃ ဦးမှာ အသက်လု၍ သင်္ဘောကို စွန့်ခွာခဲ့ကြရသည်။
သင်္ဘောပိုင်ရှင် Precious Shipping ကုမ္ပဏီ၏ အစီရင်ခံစာအရ သင်္ဘောသား ၂၀ ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန် သုံးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းတော်ဝင်ရေတပ်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ထိုင်းတော်ဝင်ရေတပ်က ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်နိုင်ရန်နှင့် လိုအပ်သည့် အကူအညီများ အမြန်ဆုံးပေးအပ်နိုင်ရန်အတွက် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း များနှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
“လက်ရှိတွင် ပျောက်ဆုံးနေသူများကို ရှာဖွေနိုင်ရန်နှင့် လိုအပ်သည့် ကယ်ဆယ်ရေးအကူအညီများ အမြန်ဆုံးပေးအပ်နိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်နေပါသည်” ဟု ထိုင်းတော်ဝင်ရေတပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းသည့် သင်္ဘောများကို အမေရိကန်ရေတပ်က လိုက်ပါ စောင့်ရှောက်ပေးမည်ဟု သမ္မတ ဒေါ်နယ်ထရန့်က မကြာသေးမီက ပြောကြားထားသော်လည်း ယခုကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – The Reporters