ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ တကောင်းမြို့ကို ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်များမှာ လှုပ်ရှားစစ်ကြောင်းအနေဖြင့် ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

 

စစ်ကော်မရှင်တပ်သည် တကောင်းမြို့ပြန်ရရေးအတွက် စစ်ကြောင်းသုံးကြောင်းခွဲ၍ ထိုးစစ်ဆင်နေပြီး စစ်ကြောင်းတစ်ကြောင်းသည် တကောင်းလမ်းဆုံမှ နီကယ်စက်ရုံကိုသွားသည့်လမ်းရှိ ညောင်လေးပင်ကျေးရွာသို့ရောက်ရှိနေပြီး ယနေ့နံနက်ပိုင်းအထိ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း စစ်ရေးသတင်းရင်း မြစ်များထံမှ သိရသည်။

 

“စစ်တပ်စစ်ကြောင်းက တကောင်းမြို့အဝင်ကိုတော့ ရောက်နေပြီ။ တစ်မြို့လုံးကို ထိန်းချုပ်နိုင်တာမျိုးတော့ မရှိသေးဘူး။ တော်လှန်ရေး အဖွဲ့တွေလည်း လှုပ်ရှားစစ်ကြောင်းအနေနဲ့ ခံချနေကြတုန်းပဲ”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မန္တလေးမြို့နှင့် ၁၂၇ မိုင် ကွာဝေးသည့် တကောင်းမြို့ပြန်ရရေးအတွက် ဖေဖော်ဝါရီ ၆ ရက်မှစတင်ကာ တကောင်းမြို့နှင့် မိုင် ၃၀ ကျော်ကွာဝေးသော သပိတ်ကျင်း တွင်းငယ်ရွာ အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက ၁၃)မှ အင်အား ၅၀၀ ခန့်ပါ စစ်ကြောင်းသုံးကြောင်းဖြင့် ကြည်း၊ ရေ၊ လေ အင်အားများနှင့်အတူ လက်နက်ကြီးများ၊ အသေခံဒရုန်း အများအပြားသုံးကာ ထိုးစစ်ဆင်လာခြင်းဖြစ် သည်။

 

“မြို့ကိုစစ်တပ်ဘက်က ပြန်ရတယ်ဆိုရင်တောင် အချို့တွေပြောနေသလို အလုံးစုံထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကာကွယ်ရေးအင်အားစုတွေအနေနဲ့က နယ်တွေမှာ ဆက်ရှိနေတယ်။ တစ်မြို့နယ်လုံး ရန်သူထိန်းချုပ်ဖို့ဆိုတာ သူ့တို့အတွက် လွယ်တဲ့ကိစ္စ မဟုတ်ဘူး” ဟု မြေပြင်အခြေအနေကို သိရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

တကောင်းမြို့သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် နယ်ဝင်ပေါက်နေရာတခုလည်းဖြစ်၍ လမ်းပန်းဆက် သွယ်ရေးနှင့် စစ်ရေးအချက်အခြာကျပြီး မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် နောက်ဆုံး လက်ကျန်မြို့ဖြစ်သည်။

 

လက်ရှိ တကောင်းတိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ အမှတ် ၁ စစ်ဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၏ မန္တလေးခရိုင်တပ်ရင်းတပ်ဖွဲ့များ၊ ကျောက်ဆည်ခရိုင် တပ်ရင်းများ၊ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။

 

အဆိုပါမြို့ကို NUG လက်အောက်ခံတပ်တွေက ရှမ်းမန်းစစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် သြဂုတ် ၁၂ ရက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား သုံ့ ပန်း ၂၀ကျော်ကို ဖမ်းဆီးရမိခဲ့သည်။