ဧရာဝတီတိုင်းမ်
(ပုလော)၊ မတ် ၁၁ ရက်

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်(လယ်မူလားမြို့နယ်)သို့ စစ်ကော်မရှင်က ပြီးခဲ့သည့် မတ် ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ ၂ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသားများအပါအဝင် အရပ်သား ၁၅ ဦးအထိသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထံက သိရသည်။

 

ပုလောမြို့နယ်အတွင်း ပြီးခဲ့သည့် မတ် ၉ ရက်နေ့ က တဖီလေးခိုကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်း၌ ကျောင်းသား၊ ကျောင်းသူများမှ ကျမ်းစာနှင့် ဂီတသင်တန်း တက်ရောက်နေစဉ် စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းသည်။

ဗုံးကြဲခံရမှုကြောင့် အသက် ၇ နှစ် မှ ၁၄ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ခုနစ် ဦး နှင့် အရပ်သား လေး ဦး စုစုပေါင်း ၁၁ ဦး နေရာ၌ပင် သေဆုံးခဲ့ပြီး အခြားကျောင်းသား လေး ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုရားကျောင်းမှာလည်း ပြိုကျပျက်စီးခဲ့ရကြောင်း သိရသည်။

 

အလားတူ မတ် ၁၀ ရက်နေ့တွင်လည်း စစ်ကော်မရှင်တပ်က လယ်မူလားမြို့နယ်၊ တကူကျေးရွာ အတွင်းသို့ ပေါင် ၂၅၀ ဗုံးဖြင့် ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား လေးဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

 

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများအနက် အသက်အန္တရာယ်စိုးရိမ်ရသည့် လူနာ သုံး ဦးကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ဆေးကုသနိုင်ရန် ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးထားကြောင်းလည်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ – KNU