‎ဧရာဝတီတိုင်းမ်
‎မတ် ၁၁ရက်

‎ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ အာရက္ခတပ်တော် (AA)၏ စစ်သုံ့ပန်း အကျဉ်း စခန်းကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲခဲ့ရာ စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာ ရရှိကာ အရပ်သားသုံ့ပန်းအချို့လည်း သေဆုံးဒဏ်ရာရရှိကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ‎ပြီးခဲ့သည့် မတ် ၈ ရက်နေ့၊ နံနက် ၁၁ နာရီ ၂ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၈ မိနစ် အထိ ဂျက်ဖိုက်တာ လေးစင်း ၊ Y-12 လေးစင်း တို့ဖြင့် အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်း အကျဉ်းစခန်းကို သုံးနာရီခွဲခန့်ကြာသည့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကို မရပ်မနား ဆက်တိုက် ပြုလုပ် ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်တပ်က ၎င်းတို့အချင်းချင်း လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှုကြောင့် လတ်တလော စာရင်းအရ စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ပြင်းထန်၊ အလတ်စား၊ အသေးစားဒဏ်ရာရရှိသူများ မြောက်မြားစွာရှိနေပြီး အရပ်သား များထဲမှ ပြစ်ဒဏ်ကျခံရသူအချို့လည်း သေဆုံး၊ ဒဏ်ရာရမှုများ ရှိခဲ့‌ကြောင်း AAက ဆိုသည်။

ယခု ဖြစ်စဉ်သည် အာရက္ခဒေသအတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းမှ အကြမ်းဖက် တိုက်ခိုက်မှုများအတွင်း စစ်သုံ့ပန်း (စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ) အသေအပျောက် အများဆုံး ဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိကြီး များစွာလည်း ပွဲချင်းပြီးသေဆုံးခဲ့ကြသည်။

‎စစ်သုံ့ပန်းအလောင်းအချို့မှာ မည်သူမည်ဝါမှန်း စစ်ဆေးရန်ခက်ခဲခြင်း၊ ကိုယ်ခန္ဓာ အပိုင်းအစများ မရရှိသည့်ပျောက်ဆုံးအလောင်းများလည်း ရှိနေသေးသောကြောင့် အသေးစိတ် အချက်အလက်များကို စစ်ဆေးပြီးချိန်တွင် ဆက်လက်တင်ပြပေးသွားမည်ဟု AA က အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ-AA Info Desk