စစ်ကောင်စီတပ်ရဲ့တပ်သားသစ်စုဆောင်းမှုပေါက်ဈေး သိန်း ၃၀ ကျော်လာ

ဟိန်းစံ၊ညိမ်းသော် / ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၀ ရက်

စစ်ကောင်စီတပ်ရဲ့တပ်သားသစ်စုဆောင်းရေးလုပ်တဲ့သူတွေက စုဆောင်းရေးလုပ်ဆောင်ရာမှာ ငွေကြေးအမြောက်အမြားကိုသုံးစွဲပြီး စုဆောင်းမှုတွေပြုလုပ်လာတာကနေ လက်ရှိမှာ တပ်သားသစ် ၁ ဦးကို ငွေကျပ် သိန်း ၃၀ ကျော် အထိပေးဆောင်စုဆောင်းလာတယ်လို့ စစ်သားစုဆောင်းရေးနဲ့နီးစပ်သူတွေဆီ က သိရပါတယ်။

စစ်အာဏာမသိမ်းခင်က စစ်ကောင်စီတပ်သားသစ် ၁ ဦးကို ခြေလျင်တိုက်ခိုက်ရေး၊ ရေ၊လေ၊ လက်ရုံး စတဲ့တပ်အမျိုးအစားအလိုက်ခွဲခြားပြီး ငွေကျပ် ၁၀ သိန်းကနေ ၁၅ သိန်းအထိပေးဆောင်စည်းရုံးခဲ့တာကနေ စစ်အာဏာသိမ်းပြီးတဲ့နောက် ဝင်ရောက်သူရှားပါးလာတာကြောင့် သိန်း ၂၀ ၊ ၂၅ သိန်းအထိ ပေးပြီးစည်းရုံးလာတာဖြစ်ပြီး ခုလက်ရှိမှာ သိန်း ၃၀

ကျော်ထိပေးပြီး စုဆောင်းလာတာလို့ စုဆောင်းသူတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

“ ကျနော်တို့ကိုတဆင့်ရှာခိုင်းတာပေါ့၊ တပ်ထဲဝင်မယ်ဆို ပညာအရည်အချင်းအလိုက်မူတည်ပြီး သိန်း ၃၀ ကနေစပေးမယ်ဆိုပြီးရှာခိုင်းတယ်။ စုပေးတဲ့သူလည်း တယောက်ရရင် ရာခိုင်နှုန်းနဲ့ပြန်ပေးမယ် ရှာပေးတဲ့သူလည်း၊ စာရွက်စာတမ်းတွေဘာတွေလည်း သူတို့အကုန်စီစဉ်ပေးမယ်၊ ဘာမှမလိုဘူး လူချည်း ဘဲရအောင်ခေါ်ခဲ့လို့ပြောတာ” လို့

ဒညင်းကုန်းစုဆောင်းရေးတပ်နဲ့နီးစပ်တဲ့ မင်္ဂလာဒုံမြို့ခံအမျိုးသားတဦးက ဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။

ဧရာဝတီတိုင်းဘက်မှာလည်း တပ်သားသစ်လာရောက်စုဆောင်းတဲ့ စစ်ကောင်စီတပ်သားတွေက ၎င်းတို့စစ်တပ်ထဲဝင်ရင် သိန်း ၃၀ ပေးမယ်လို့ပြောဆိုစုဆောင်းတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

” ပုသိမ် နတခ တပ်ထဲကလို့ပြောတယ်၊ ရွာကိုစုဆောင်းရေးလာတာ။ ရွာထဲမှာလည်းလာပြောတယ် လူငယ်တွေကိုစုပြီး အစည်းအဝေးခေါ်သလိုလိုနဲ့ ရွာထဲကလူငယ်တွေကို တပ်ထဲဝင်ရင် ပိုက်ဆံပေးမယ် နေစရာလည်းပေးမယ်။ ရှေ့တန်းမသွားအောင်လည်းလုပ်ပေးမယ်တဲ့။ ဘာအပူအပင်မှ မရှိဘူး ပြောတယ် ကျန်ခဲ့တဲ့မိ့သားစုကိုလည်း

တပ်ထဲမှာနေချင်ရင်ခေါ်ထားပေးမယ် ပိုက်ဆံကတော့ သိန်း ၃၀ ပေးမယ်၊ အခုဝင်တာနဲ့တန်းရမှာဆိုပြီးပြောတယ်။ တပ်ထဲမှာ ၅ နှစ် ပြည့်လို့ မနေချင်လည်း ထွက်ခွင့် ပေးမယ်ပြောတယ်” ဟု ပုသိမ်မြို့နယ်၊ ဝါးယားချောင်းဒေသခံရွာသားတစ်ဦးကပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်ကိုဝင်ရောက်သူရှားပါးနေပြီး သိသာစွာယုတ်လျော့လာတဲ့ စစ်အင်အားကိုဖြည့်တင်းနိုင်ရေး အခုလိုမျိုး ငွေကြေးအမြောက်အမြားသုံးစွဲစုဆောင်းလာလို့ CDM တပ်မတော်သားတွေကပြောပါတယ်။

အဲ့ဒီလို ငွေကြေးပေးဆောင်ပြီးစုဆောင်းနေပေမယ့် လက်ရှိအခြေအနေတွေအရ ဘယ်သူမှ စစ်ကောင်စီတပ်ကို ဝင်ရောက်မယ့်အခြေအနေမရှိနိုင်ဘူးလို့ CDM တပ်မတော်သားတဦးက သုံးသပ်ပြောဆိုပါတယ်။

”အခုကဘယ်လိုဖြစ်နေလဲဆိုတော့ နောက်တန်းတပ်ရင်းတွေကရဲဘော်သစ်လိုအပ်ချက်က တအားများနေပေမယ့် ဒီကာလကြီးမှာ မဖြစ်နိုင်ဘူးဆိုတာလည်း သူတို့သိတယ် ။ သို့သော်လည်းဘဲ သူတို့အထက်ကစစ်ဗိုလ်ချုပ်တွေကဖိအားပေးတော့ မရရတဲ့နည်းတွေသုံးလာတာ။ နောက်ပြီးတော့ အဲ့ဒီ တပ်သားသစ်စုတဲ့သူတွေအချင်းချင်းကို

အပြိုင်အဆိုင်တွေဈေးခေါ်ပြီးစုကြတာ။ ဥပမာ တယောက်တွေ့ ထားပြီးဆိုရင် သူက သိန်း ၂၀ ပေးမယ် ငါက ၂၅ အဲ့ဒီလိုတွေကနေ တအားလိုလာတော့ ဈေးတွေအပြိုင်ပေးရင်းကနေ အခုလို သိန်း ၃၀ ကျော်တွေ ဘာတွေထိဖြစ်လာတာ။ နောက်သိပ်မကြာဘူး သိန်း ၅၀ တွေဘာတွေဖြစ်လာလိမ့်မယ်။ ဒီအခြေအနေနဲ့ကတော့ ခိုးဆိုးလုနှိုက် ၀ရမ်းပြေးဘဲတပ်

ထဲဝင်လိမ့်မယ်။ ကျန်တဲ့သူကတော့ သိန်း ၅၀ ပေးလည်းဝင်မယ့်အခြေအနေမျိုးမဟုတ်ဘူး” လို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

ဝင်ရောက်တဲ့သူနည်းပါနေတဲ့စစ်ကောင်စီတပ်ဟာ ၎င်းတို့ရဲ့ ကြည်း၊ရေ၊လေ တပ်ထဲကိုဝင်ရောက်ရာမှာ စစ်အာ ဏာမသိမ်းမီ ယခင်သတ်မှတ်ချက်တွေဖြစ်တဲ့ ၆ တန်းအောင်ကနေ ၄ တန်းအောင်ကို လျှော့ချ ပေးခဲ့ပြီး အသက်ကန့်သတ်ချက်တွေကိုလည်းလျှော့ချပေးထားတယ်လို့ စစ်ကောင်စီတပ် အသိုင်း အဝိုင်းဆီကသိရပါတယ်။

#စစ်ကောင်စီတပ် #တပ်သားသစ် #စုဆောင်းမှူ #သိန်း ၃၀ ကျော်လာ #Ayeyarwaddy_Times