မင်းအောင်လှိုင်ရုံးထိုင်ပြီး တပ်နဲ့ရဲအင်အားအများအပြားရှိတဲ့နေပြည်တော်မှာပါ ပျူစောထီး အဖွဲ့ဖွဲ့ထား

ဧရာ၀တီတိုင်းမ်

စက်တင်ဘာလ ၁၀ ရက်

စစ်ကောင်စီတပ်စစ်ရုံးချုပ်များအခြေစိုက်ပြီး တပ်ရင်းအင်အားအများအပြားရှိတဲ့ နေပြည်တော်မှာ စစ်ကောင်စီ တပ်က ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့တွေကိုဖွဲ့စည်းထားပြီး အဲ့ဒီပျူစောထီးတွေကို စစ်ကောင်စီတပ်ရဲ့ နေပြည် တော်စစ်တိုင်းမှူးက သွားရောက်တွေ့ဆုံခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့်မီဒီယာတွေမှာ စက်တင်ဘာ ၉ ရက်မနေ့က ဖော်ပြလာပါတယ်။

စတင်ဖွဲ့စည်းတဲ့အချိန်ကာလကိုတော့မသိရပေမယ့် နေ ပြည်တော်ကောင်စီနယ်မြေမြို့နယ်တွေမှာ စစ်မှုထမ်း ဟောင်းတွေနဲ့စစ်တပ်ထောက်ခံသူတွေကို ပြည်သူ့စစ်ဆိုပြီးဖွဲ့စည်းထားတာကိုသိရှိရတယ်လို့ နေပြည်တော် အခြေစိုက် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့တာဝန်ခံကပြောပါတယ်။

“ အစက ဟိုအသင်းလိုလို ဒီအသင်းလိုလိုနဲ့ စဖွဲ့ပြီး နောက်ပိုင်းကျ ပျူစောထီးသင်တန်းပေးတာတွေကိုသိရတယ် ။ လက်နက်တပ်ဆင်ပေးထားတာမျိုး ရှိ၊မရှိတော့မသိရသေးဘူး။ စစ်သင်တန်းပေးထားတာတော့သိတယ်။ ကျနော်တို့ကတော့ ပျူစောထီးကတော့စစ်တပ်အဓိကထောက်တိုင်ဖြစ်တဲ့အတွက် ပစ်မှတ်ထားတိုက်ခိုက်ဖို့ရှိ မယ်” လို့

စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့သတင်းတာဝန်ခံ ဗိုလ်ထရယ်ဂွန် က ဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီတပ်တခုလုံးရဲ့ အဓိကနေရာဖြစ်ပြီး စစ်ရုံးဌာနတွေအပါအဝင် တိုင်းစစ်ဌာနချုပ်တခုနဲ့ စစ်တပ်တပ် ရင်းအရေအတွက် ရာနဲ့ချီရှိပြီး စစ်အုပ်စုလက်အောက်ခံရဲတပ်ရင်းအများအပြားရှိတဲနေရာမျိုးမှာ ပျူစောထီးအဖွဲ့ ဖွဲ့စည်းတာဟာ နေပြည်တော်လိုနေရာမျိုးမှာတောင် စိတ်မချရတော့တဲ့အခြေအနေကို ဖော်ပြနေတယ်လို့ CDM

တပ်မတော်သားတဦးကပြောပါတယ်။

“ နေပြည်တော်ဆိုတာ အားလုံးသိတဲ့အတိုင်း မင်းအောင် လှိုင်ရုံးထိုင်တယ်။ ပင်လယ်မရှိလို့ ရေတပ်မရှိတာကလွဲ ရင် ကျန်တဲ့တပ်ရင်းအကုန်လုံးနေပြည်တော်မှာရှိတယ်။ ပြီးတော့ နေပြည်တော်ပတ်ပတ်လည်ကို ရဲတပ်ရင်း ၁၇၊ ၁၈၊ ၂၀ ရဲတပ်ရင်း ၃ ခုနဲ့ကာပြီးဝိုင်းထားတယ်။ ရဲရုံးတွေလည်းအများဆုံးရှိတဲ့နေရာ။ စစ်ခေါင်းဆောင်တွေရဲ့‌နောက်ဆုံးခံစစ်နေရာပေါ့နော်။

ဒီလိုနေရာမျိုးမှာတောင် သူတို့အင်အားနဲ့မထိန်းနိုင်လို့ ပြည် သူ့စစ်ဆိုပြီး စစ်မှု ထမ်းဟောင်းတွေကိုခေါ်သုံးနေရတယ်ဆိုကထဲ က နေပြည်တော်လိုနေရာတောင် သူတို့မလုံခြုံဘူးလို့ခံစားနေရတယ်လို့ပြောလို့ရတယ်” လို့ CDM တပ်မတော် သားအရာရှိတဦးက သုံးသပ်ပြောဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ၎င်းတို့ကိုခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်း၊မကွေးစတဲ့ဒေသတွေမှာ ပြီးခဲ့တဲ့နှစ်ကစလို့ စစ်မှုထမ်းဟောင်းတွေ၊ စစ်တပ်ထောက်ခံသူတွေကိုစုပေါင်းပြီး ပျူစောထီး (ပြည်သူ့စစ်) တွေကိုဖွဲ့စည်း လာခဲ့ပြီးတဲ့နောက် တိုင်းနဲ့ပြည်နယ်အနှံ့မှာထပ်မံဖွဲ့စည်းလာခဲ့ပြီး နေပြည်တော်မှာပါဖွဲ့စည်းလာတာ ဖြစ်ပါတယ်။

#Ayeyarwaddy_Times