ဒေါ်လာဈေးမြင့်တက်မှုကြောင့် ဆေးကုမ္မဏီများ ဆေးပစ္စည်းအချို့တင်သွင်းမှု ယာယီရပ်ဆိုင်းထား၊ ဈေးကွက်ထဲ၌ ဆေးဝါးတချို့ပြတ်လပ်နေ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၀ ရက်

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာဈေးနှုန်း အလွန်အမင်း မြင့်တက် နေခြင်းကြောင့် ပြည်တွင်းမှ ဆေးကုမ္မဏီများမှာ ဈေးကွက်အတွင်းသို့ ဆေးဝါးပစ္စည်းတချို့ တင်သွင်းမှု ယာယီရပ်ဆိုင်းထားကြောင်း သတင်းရရှိသည်။

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမြင့်တက်ခြင်းနှင့် မတည်ငြိမ်ခြင်း၊ ဗဟိုဘဏ်မှ ကန်ဒေါ်လာ ထုတ်မပေးသဖြင့် ပြင်ပမှ ကန်ဒေါ်လာများ ဝယ်ယူတင်သွင်းနေရခြင်းတို့ကြောင့် ပြည်တွင်းမှ ဆေးကုမ္မဏီများမှာ ဆေးဝါးအချို့ကို တင်သွင်းမှုရပ်ဆိုင်းထားရပြီး ဈေးကွက်အတွင်း၌လည်း ဆေးဝါးတချို့ ပြတ်တောက်၍ အရောင်းပိတ်ထား ရကြောင်း

ဆေးကုမ္မဏီဝန်ထမ်းများထံမှ သိရသည်။

“အဓိကကတော့ ဒေါ်လာဈေးတက်နေလို့ရယ်၊ ပြီးတော့ တင်သွင်းခွန်တွေ မြင့်တက်နေလို့ရယ် ဆေးတွေ ဈေးတက်နေတာ။ တစ်သောင်းဖိုး ၁၀ ဘူးရတဲ့ဆေးကို နောက်တစ်နေ့ကျဈေးတက်သွားလို့ တစ်သောင်းဖိုး

၈ ဘူးနဲ့ ပေးရတဲ့အဖြစ်တွေ ရှိတယ်။ ဆေးဆိုင်တွေကလည်း ဒီနေ့ဆေးတစ်ကဒ် ၅၀၀ ကျပ်နဲ့ ပေးလို့ နောက်တစ်နေ့ ၇၀၀ ကျပ်ဖြစ်သွားရင် သူတို့လည်း တော်ရုံမရင်းရဲဘူး။ တစ်ချို့ Stocks (ကုန်ပစ္စည်း) တွေကျ တင်သွင်းလို့မကိုက်လို့ကို အရောင်းပိတ်ထားရတယ်။ လက်ရှိပစ္စည်းပြတ်နေတဲ့ အဖြစ်တွေ ရှိတယ်”ဟု ရန်ကုန်မြို့မှ ဆေးကုမ္မဏီဝန်ထမ်းတစ်ဦးက

ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တပ်အာဏာသိမ်းခံရပြီးနောက် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ပြင်ပ ဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။ လက်ရှိ စက်တင်ဘာလတွင် ၁ ဒေါ်လာ ကျပ် ၃၀၀၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့သော်လည်း ယခင် အရပ်သား NLD အစိုးရလက်ထက်ကဈေးနှုန်းထက် ၂ ဆကျော်

ဈေးတက်နေဆဲဖြစ်သည်။

စစ်ကောင်စီလက်အောက်ရှိ ဗဟိုဘဏ်က ဒေါ်လာငွေကို အလွန်အမင်းထိမ်းချုပ်ကာ ဗဟိုဘဏ်ထံ စီးဝင်စေရန် အမိန့်ညွန်ကြားချက်များစွာထုတ်၍ လိုက်လံသိမ်းယူနေခြင်းကြောင့် ကန်ဒေါ်လာငွေလဲနှုန်း မြင့်တက်ခြင်းနှင့် ဈေးနှုန်းမတည်ငြိမ်ခြင်းများ ဆက်လက်ဖြစ်ပေါ်နေသည်။ ထို့ကြောင့် ပြည်ပမှဒေါ်လာဖြင့် ဝယ်ယူတင်သွင်း ရသည့် ဆေးဝါးပစ္စည်းများမှာလည်း

ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ပစ္စည်းပြတ်လတ်ခြင်းများ ပေါ်ပေါက်နေသည်။

“ဒီနေ့ဝယ်တဲ့ဈေးနဲ့ မနက်ဖြန်ဝယ်တဲ့ဈေးနဲ့က မတူတော့ဘူး။ ဒါကြောင့် ဝယ်သူတွေလာပြီး ဆေးဝယ်ရင်တောင် တစ်ချို့ အမှာရခက်တဲ့ ဆေးဝါးတွေရဲ့ Update ဈေးကို လှမ်းမေးပြီးမှ ပြန်ရောင်းနေရတယ်။ အမျိုးအစား ကောင်းပြီး ဈေးအတော်အတန်ရှိတဲ့ တစ်ချို့ဆေးတွေဆို ပစ္စည်းပြတ်နေလို့ မှာလို့တောင် မရတော့ဘူး။ ဒီအတိုင်းဆို နောက်ပိုင်းမှာ

ဆေးဝါးပြတ်တောက်တဲ့ အခက်အခဲတွေ ပိုပြီးဖြစ်လာနိုင်တယ်”ဟု ပဲခူးတိုင်း (အနောက်ခြမ်း) ပြည်မြို့မှ ‌ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ကန်ဒေါ်လာငွေလဲနှုန်းမြင့်တက်ခြင်းက ဆေးဝါးလုပ်ငန်းများသာမက အိမ်နီးချင်း ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံများမှ တင်သွင်းနေသည့်အခြားသော လူသုံးကုန်၊ စားသောက်ကုန်၊ အလှကုန်၊ အိမ်ဆောက်ပစ္စည်း၊ စက်သုံးဆီ၊ ကားနှင့်ဆိုင်ကယ်အပိုပစ္စည်းဈေးနှုန်းများလည်း ဈေးနှုန်း ၂ ဆကျော်တွေ မြင့်တက်နေကြောင်း သိရသည်။

#Ayeyarwaddy_Times