ဆောမှာ ကြံ့ခိုင်ရေးပါတီဝင်ဟုဆိုသူ လူ ၁၂ ဦးဖမ်းဆီးခံထားရ

ဟိန်းစံ/ဧရာဝတီတိုင်းမ်

(ဆော)၊ စက်တင်ဘာလ ၁၀ ရက်

မကွေးတိုင်း၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၊ခွင်းချောင်း ကျေး ရွာက ကြံ့ခိုင်ရေးပါတီဝင်လို့ဆိုသူ ရွာခံ ၁၂ ဦး စက်တင် ဘာလ ၇ ရက် မနက်အစောပိုင်းမှာ အမည်မသိလက်နက် ကိုင်တွေကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

”’ မနက် ၂ နာရီလောက်ကြီးဝင်ဖမ်းသွားတာ။ ၁၂ ယောက်ဖမ်းခံလိုက်ရတယ်။ သူတို့ကအစိမ်း(ကြံ့ခိုင်ရေး) တွေလို့သိရတယ်။ ဒလန်လုပ်မလုပ်တော့သေချာမသိဘူး” လို့ ဆောမြို့နယ်ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီလူတွေဟာ ကြံ့ခိုင်ရေးပါတီဝင်တွေလို့ ဒေသခံတွေကပြောဆိုပေမယ့် ကြံ့ခိုင်ရေးပါတီဝင် ဟုတ်၊မဟုတ်ကို ​ဧရာဝတီတိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်သလို ကြံ့ခိုင်ရေးပါတီဘက်ကလည်းထုတ်ပြန်လာတာမျိုးမတွေ့ရသေးပါဘူး။

ခွင်းချောင်းရွာကလူ ၁၂ ဦးဖမ်းဆီးခံရတာမှန်ကန်ပြီး အသေးစိတ်တော့မသိဘူးလို့ The Youth Force Saw & Kyaukhtu တာဝန်ခံကပြောပါတယ်။

” ဖမ်းသွားတာဟုတ်တယ်၊ ကျနော်တို့အဖွဲ့တော့မဟုတ်ဘူး။ ဒီဒေသတွင်းထဲကအဖွဲ့တွေဘဲ။ အလှမ်းဝေးလို့ အသေးစိတ်တော့မသိဘူး။ အစိမ်းလားဘာလည်း သေချာမသိဘူး” လို့ သူကပြောပါတယ်။

အဲ့ဒီဖမ်းဆီးမှုနဲ့ပတ်သက်လို့ ဒေသတွင်း PDF တွေဘက်က တစုံတရာသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ဆောမြို့နယ်ဟာ စစ်ကောင်စီကိုတော်လှန်မှုပြင်းထန်တဲ့နယ်မြေတခုဖြစ်ပြီးပြီး PDF အင်အားစုတွေစိုးမိုးတဲ့နယ်မြေတခုလည်းဖြစ်ပါတယ်။

#AyeyarwaddyTimes