ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ မတ် ၁၀ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် ဒေသခံ ၃၀၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက စစ်ဆင်ရေးဆောင်ရွက်ကာ အောင်မြင်စွာ ကယ်ထုတ်နိုင် ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်များသည် မတ်လ ၅ ရက်နေ့က ရေတွင်းကုန်း၊ ကျောင်းကုန်းနှင့် ခရုကုန်း ကျေးရွာ များသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံ ၄၀ ကျော်ကို အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီးနောက် ကျန်ရှိသူ ၃၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်း ဖြစ်သည်။
အဆိုပါ ပြည်သူများကို ကယ်ထုတ်ရန်အတွက် “ပြည်သူကို ကယ်ထုတ်သော စစ်ဆင်ရေး” အဖြစ် ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၅) နှင့် ဗျူဟာ (၂၆) လက်အောက်ခံတပ်ရင်းများ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၇)၊ (၉) နှင့် ဒရုန်းတပ်ဖွဲ့များ ပူးပေါင်း ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ စစ်ဆင်ရေးအတွင်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
“လက်ရှိအထိ သူတို့စစ်ကြောင်းတွေရှိနေတုန်းပဲ။ ဒီနေ့လည်း ထပ်ပြီးတော့အင်အားတွေ ဖြည့်လာ တယ်။ အဲ့ဒီရေတွင်းကုန်း၊ ကျောင်းကုန်းပေါ့နော် အဲ့ဒီအနေအထားရှိပါတယ်။ ဒီနေ့ဆို ရေဖြူကန်ဘက် ကနေ တချို့ရွာတွေရော ရေတွင်းကုန်ကရော ပြည်သူတွေရဲ့ပစ္စည်းတွေကို ခိုးယူပြီး ကားတွေနဲ့ တိုက်ယူတဲ့ အနေအထားထိဖြစ်နေပြီ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျဆုံးသူများတွင် ပဲခူးတိုင်းစစ်ဌာနမှ ရဲဘော် ကိုး ဦးနှင့် KNLA တပ်ရင်း (၇)၊ (၉) တို့မှ ရဲဘော် နှစ် ဦး ပါဝင်ပြီး အခြားရဲဘော် ခုနစ် ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
စစ်ဆင်ရေး အတွင်း ပြည်သူ ၃၀၀ ကျော်ကိုလည်း အထိအခိုက်မရှိ ဘေးရန်ကင်းစွာဖြင့် ကယ်ဆယ် နိုင်ခဲ့ပြီး လက်ရှိတွင် ဘေးကင်းရာသို့ပို့ဆောင်ထားနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ-ပဲခူတိုင်းစစ်ဌာန