ဧရာဝတီတိုင်းမ်
‎မတ် ၁၀ ရက်
‎‎

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်တို့၏ တိုက်ပွဲမှာ ကျော်ဖြူမြို့အနီး ခုနှစ်မိုင်အထိကပ်လာကြောင်း သိရသည်။
‎‎

ယမန်နေ့ မတ် ၉ရက်နေ့တွင် ကျောက်ဖြူ လမ်းခွဲကိုကျော်လွန်ပြီး တိုက်ပွဲများဖြစ်ပွားကာ ကျောက်ဖြူမြို့နှင့် ၇မိုင်အကွာ မြို့တောင်ပိုင်းတွင် နေရာအနှံ့၌ တိုက်ပွဲများရှိနေကြောင်း ကျောက်ဖြူအခြေအနေကိုစောင့်ကြည့်နေသည့် little rabbit ထံမှ သိရသည်။

“ကျောက်ဖြူတိုက်ပွဲစတော့ မြို့နဲ့ အတော်နီးကပ်လာတာ။ ပြီးတော့ မြို့နဲ့ဝေးဝေးသွားတာပေါ့။ သစ်ပုတ်တောင်ဌာနချုပ်ဘက်ဦးလည်သွားတာ။ စစ်တပ်ဘက်ကတော့ သူတို့လူနာတွေရော လူသေတွေရော ခလရ ၃၄ဘက်ပြန်သယ်တယ်။ ကျောက်ဖြူဆေးရုံဘက်ရောက်လာတာတွေလည်းရှိတယ်” ဟု ကျောက်ဖြူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်ထိုးစစ်ရပ်တန့်နေပြီး မင်းပြင်၊ သိုင်းချောင်းဘက်ထွက်လာသည့်တပ်များလည်း AA၏ လက်နက်ကြီး၊ ဒရုန်းတို့ကြောင့် တပ်ပြန်ဆုတ်ထားရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၅ရက်နေ့ကလည်း ဓညဝတီရေတပ်ဌာနချုပ်ကို AAက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဗိုလ်အဆင့်ရှိသူများအပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ခန့်သေဆုံးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ကျောက်ဖြူမြို့နှင့် မိုင်အနည်းငယ်သာ ကွာသည့် ကုလာဘာ ကျေးရွာအထိ တိုက်ပွဲရောက်ရှိနေချိန်တွင် AAက တိုက်ပွဲကို ရေတပ်ဌာနချုပ်ဘက် ဦးတည်လိုက်ပြီးနောက် ယခု လမ်းခွဲကိုကျော်လွန်ကာ မြို့နှင့် ခုနှစ်မိုင်အကွာကို တိုက်ပွဲပြန်လည်ရောက်ရှိလာသည်။

မင်းပြင်၊ သိုင်းချောင်း၊ ဒိုးမတောင်ရှိ စစ်ကော်မရှင်များရှိရာနေရာများကိုလည်း AAက ဒရုန်းနှင့် လက်နက်ကြီးများသုံး၍ ပစ်ခတ်ထားကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်တိုက်ပွဲများအတွင်းမှ စစ်ကော်မရှင် သုံးဒါဇင်ခန့် AAတပ်ဖွဲ့ထံ လက်နက်ချ အညံ့ခံမှုများ ယခုရက်ပိုင်းအတွင်း ရှိခဲ့သည်။