ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်
အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများကြောင့် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ အထိ မြင့်တက်ခဲ့သည့် ကမ္ဘာ့ရေနံဈေးနှုန်းမှာ လက်ရှိတွင် ပဋိပက္ခများ အဆုံးသတ်နိုင်ခြေ ရှိလာခြင်းကြောင့် ဒေါ်လာ ၉၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။
ရေနံဈေးနှုန်း ပြန်လည်ကျဆင်းလာခြင်းမှာ ပဋိပက္ခများ မကြာမီ အဆုံးသတ်နိုင်တော့မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခြင်းနှင့် ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင် သင်္ဘောများကို အမေရိကန်ရေတပ်က လုံခြုံရေးလိုက်ပါစောင့်ရှောက်ပေးမည်ဟု ကြေညာခြင်းတို့ ကြောင့်ဖြစ်သည်။
Trading Economics ၏ ယနေ့ မတ် ၁၀ ရက်နေ့ ဖော်ပြချက်အရ Brent Crude ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၉၂ ဒသမ ၄၅ ဝန်းကျင်နှင့် အမေရိကန် WTI Crude မှာ ဒေါ်လာ ၈၈ ဒသမ ၆၅ ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။

ရေနံဈေးကွက် တည်ငြိမ်စေရန်အတွက် G7 အဖွဲ့ဝင်နိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးများက စွမ်းအင် ဈေးကွက်ကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး လိုအပ်ပါက အရန်ရေနံများ ထုတ်ပေးရန် ပြင်ဆင်ထားကြောင်း ထုတ်ပြန်ထားသည်။
အာရှနိုင်ငံများတွင် စက်သုံးဆီအကျပ်အတည်းရင်ဆိုင်နေရပြီး နိုင်ငံများကမူဝါဒချမှတ်ရာတွင် ထိုင်းနိုင်ငံက Work From Home (WFH) စနစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တက္ကသိုလ်ကျောင်းများ ပိတ်ခြင်း၊ ဖိလစ်ပိုင်နိုင်ငံက အစိုးရရုံးများ တစ်ပတ် လေးရက်သာတက်ရခြင်းတို့ လုပ်ဆောင်ထားသည်။
မြန်မာနိုင်ငံတွင်မူ စက်သုံးဆီချွေတာရေးအတွက်ဟုဆိုကာ မော်တော်ယာဉ်များကို စုံ/မ စနစ်ဖြင့် ခွဲခြားအသုံးကာ လုပ်ဆောင်လျက်ရှိပြီးအချိန်ကုန်၊ ငွေကုန်ကြေးကျ ပိုမိုများပြားစေသည့် အကျပ် အတည်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
လက်ရှိ ရေနံဈေးကွက်သည် အရှေ့အလယ်ပိုင်း တင်းမာမှုများအပြင် တရုတ်နိုင်ငံ၏ ဝယ်လိုအား အပေါ်တွင်လည်း မူတည်၍ အပြောင်းအလဲများ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။
ကိုးကား – Reuters, Al Jazeera, Trading Economics