နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုး ထိန်းချုပ်နယ်မြေအတွင်း စက်သုံးဆီနှင့် ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုမည်ဟု ကန့်သတ်ထားမှုမှာ အာဏာသိမ်း စစ်ကော်မရှင်ထံ ရောက်ရှိမည်စိုး၍ လုပ်ဆောင်သည့်အစီအစဉ်ဖြစ်ကြောင်း NUG အစိုးရ တာဝန်ရှိသူများထံက သိရသည်။
သို့သော် EROs များအပါအဝင် မဟာမိတ်များနှင့် ပြည်သူလူထု အသုံးပြုရန်အတွက် သယ်ယူပို့ဆောင်မှုများ မှန်ကန်ဖြစ်ပါလျှင် ညှိနှိုင်း၍ ဖြတ်သန်းသယ်ဆောင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုသည်။
“အဓိကကတော့ အကြမ်းဖက်စစ်တပ်ဆီ လေယာဉ်ဆီအပါအဝင် စက်သုံးဆီတွေရောက်မှာစိုးတဲ့အတွက် ကြပ်မတ်ရခြင်းဖြစ်ပါတယ်။ မဟာမိတ်တွေနဲ့ ပတ်သက်တဲ့ သယ်ယူပို့ဆောင်မှု၊ ပြည်သူလူထုအသုံးပြုဖို့အတွက် သယ်ယူပို့ဆောင်မှုတွေဖြစ်တယ်ဆိုတာ သေချာတယ်ဆိုရင်တော့ ညှိနှိုင်းပြီး ဖြတ်သန်းသယ်ဆောင်ခွင့်ပြုမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အမေရိကန်-အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသများမှ နိုင်ငံတကာသို့ ရေနံတင်သွင်းမှု ရပ်ဆိုင်းနေသဖြင့် မြန်မာအပါအဝင် နိုင်ငံအသီးသီး၌ စက်သုံးဆီအကြပ်အတည်း ဖြစ်ပေါ်နေချိန် NUG က ယခုရက်အတွင်း ထိုသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကချင်၊ ချင်းနှင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် စက်သုံးဆီများကို ၎င်းတို့ တိုင်း/ဖက်ဒရယ်ယူနစ် နယ်မြေများအား ဖြတ်သန်းသယ်ဆောင်မည်ဆိုလျှင် မဟာမိတ်များမှ NUG နှင့် ညှိနှိုင်း၍ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဖြတ်သန်းခွင့်ပါမှသာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
“ စစ်တပ်ထိန်းချုပ်နယ်မြေနဲ့ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်စိုးမိုးတဲ့နယ်မြေတွေက ရောထွေးနေသလို စစ်တပ်ကလည်း သူနယ်မြေတွေထဲကို ဆီရအောင်သွင်းနေတာတွေရှိတယ်။ ဆီအရောင်းအဝယ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေဆိုတာကလည်း နည်းမျိုးစုံနဲ့လုပ်နေကြတာဆိုတော့ ကြပ်မတ်တာလို့ထင်တယ်။ အခုပြောနေတဲ့ကိစ္စက ကချင်၊ ချင်းနဲ့ ရခိုင်ဘက်ကို ကန့်သတ်တယ်ဆိုတာမျိုးတွေပြောနေကြတာက နည်းနည်းတော့နားလည်မှုလွဲကြတာလို့ထင်တယ်။ လက်နက်ခဲယမ်းအပါအဝင် အခြားသောပစ္စည်းတွေသယ်ဆောင်တာနဲ့ ရဲဘော်တွေသွားလာနေတဲ့ကိစ္စတွေမှာ အကြောင်းကြားစာတွေနဲ့ အပြန်အလှန်ဖြတ်သန်းသွားလာနေကြတာပါပဲ” ဟု မြေပြင်အခြေအနေကို သိရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို မှတ်ချက်ပြုသည်။
အလားတူ အာဏာသိမ်း စစ်ကော်မရှင်ကလည်း စက်သုံးဆီနှင့် ပတ်သက်၍ ကန့်သတ်ထိန်းချုပ်မှုများ လုပ်ဆောင်နေပြီး တော်လှန်ရေးအင်အားစုများအားကောင်းသည့်နယ်မြေအချို့တွင် ဆီပြတ်တောက်ခြင်းနှင့် စျေးနှုန်းများမြင့်တက်နေကြောင်း သိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်