ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်

 

လက်ရှိဖြစ်ပွားနေသည့် အီရန်နှင့် ဆက်စပ်သော ဒေသတွင်း ပဋိပက္ခများသည် မည်သည့်ဘက် အတွက်မျှ အကျိုးမရှိကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းအရေး အထူးသံတမန်ကို စေလွှတ်၍ ကြားဝင်စေ့စပ်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားသည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး Jarrah Jaber Al-Ahmad Al-Sabah တို့ မတ်လ ၉ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ဝမ်ရိက ထိုသို့ ထည့်သွင်းပြောဆိုခဲ့ ခြင်းဖြစ်သည်။

“အမေရိကန်နှင့် အစ္စရေးတို့သည် ကုလသမဂ္ဂ၏ ခွင့်ပြုချက်မရရှိဘဲ အီရန်အပေါ် လက်နက်ဖြင့် တိုက်ခိုက်ခြင်းမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်” ဟု ဝမ်ရိက ဝေဖန်ပြောဆိုသည်။

 

ထို့အပြင် အရပ်သားပြည်သူများနှင့် စစ်ရေးမဟုတ်သော ပစ်မှတ်များကို တိုက်ခိုက်ခြင်းအား ပြစ်တင်ရှုတ်ချကြောင်းနှင့် ပင်လယ်ကွေ့နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ကို လေးစားရန် လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

 

လက်ရှိအရေးကြီးဆုံးမှာ အမြန်ဆုံး အပစ်အခတ်ရပ်စဲရေးဖြစ်ကြောင်းနှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် တွေ့ ဆုံဆွေးနွေးခြင်းအားဖြင့် အဖြေရှာရန် ကြိုးပမ်းနေမှုများကို တရုတ်နိုင်ငံက အားပေးထောက်ခံ ကြောင်း ဝမ်ရိက ဆိုသည်။

 

တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ပြီး၊ ကူဝိတ်အပါအဝင် ဒေသတွင်း နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ကတိပြုခဲ့သည်။

 

ကိုးကား – တရုတ်နိုင်ငံပိုင် သတင်းဌာန ဆင်ဟွာ၏ ဖော်ပြချက်ကို ကိုးကားထားခြင်းဖြစ်ပါသည်