ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ မတ် ၁၀ ရက်

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် စစ်ကော်မရှင်၏လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုကြောင့်ကျောင်းသူတစ်ဦးအပါအဝင် အရပ်သား သုံးဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဖလမ်းမြို့နယ်၊ လုံဟော့ကျေးရွာကို စစ်ကော်မရှင်တပ်က မတ်လ ၈ ရက်နေ့၊ ညနေ လေးနာရီအချိန်တွင် တိုက်ပွဲမရှိဘဲ ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၉) နှစ်အရွယ် ကျောင်းသူတစ်ဦး သေဆုံးပြီး မိခင်ဖြစ်သူမှာ ဒဏ်ရာရရှိခဲ့သည်။

 

“လုံဟော့ရွာ AG ဘုရားကျောင်းအနား နေအိမ်မှာ ဒရုန်းဗုံးသီး ကျသွားတာ။ အိမ်မှာ ထမင်းချက်တဲ့ ကျောင်းသူတစ်ဦးက ဗုံးစထိမှန်ပြီး နေရာမှာပဲ ဆုံးသွားတယ်။ မိခင်ဖြစ်ကလည်း ခြေ၊ လက်မှာ ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရပါတယ်”ဟု ဖလမ်းမြို့နယ်ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ မတ် ၆ ရက်နှင့် ၇ ရက်နေ့ကလည်း ဖလမ်းမြို့နယ် Simzawl ကျေးရွာကို စစ်ကော်မရှင်တပ်၏ လေကြောင်း နှင့် လက်နက်ကြီးကျည် ပစ်ခတ် တိုက်ခိုက်မှုကြောင်း လူငယ်တစ်ဦးအပါအဝင် နှစ်ဦး သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။

 

“ရွာသားတွေ စစ်ဘေးမရှောင်ခင် တစ်ရက်အလိုက ရွာထဲကို ဗုံးကြဲသွားတယ်။ အသက်ကြီးပိုင် အမျိုးသမီးတစ်ဦး ဆုံးသွားတယ်။ တစ်ဦးဒဏ်ရာရတယ်။ နောက်နေ့မှာ ရွာထဲကို လက်နက်ကြီးပစ်တယ်။ စစ်ဘေးရှောင်ရာကနေ ရွာထဲပစ္စည်းသွားယူတဲ့ လူငယ်တစ်ဦး ထိမှန်သေဆုံးတယ်။ လူငယ်နှစ်ဦး ဒဏ်ရာရတယ်”ဟု ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ဖလမ်းမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ် စစ်ကြောင်းသည် တိုက်ပွဲအတွင်း အထိနာများပြီး စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားများနေထိုင်သည့် ကျေးရွာများကို ယခုကဲ့သို့ တိုက်ခိုက်လာခြင်းဖြစ်သည်။

 

မတ်လ ၈ ရက်နေ့ကလည်း စစ်ကော်မရှင် စစ်ကြောင်း သတ်ဖြတ်သည်ဟု ယူဆရသည့် အမျိုးသားအလောင်းတလောင်းကို ဖလမ်းမြို့နယ်၊ Tuphi ကျေးရွာတွင် ရွာသားများက တွေ့ရှိပြီး ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့ကြသည်။