ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်
လာအိုနိုင်ငံမြောက်ပိုင်း၊ မြန်မာနယ်စပ်နှင့် ထိစပ်နေသော ရွှေတြိဂံဒေသတွင် ဒေသတွင်း လေကြောင်း ဗဟိုချက်တစ်ခု ဖြစ်လာမည့် ဘော်ကီယို (Bokeo) အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မတ်လ ၆ ရက်နေ့က တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း လာအိုသတင်းဌာန The Laotian Times တွင် ဖော်ပြထားသည်။
ရွှေတြိဂံဒေသသည် မဲခေါင်မြစ်ကို အခြေခံ၍ လာအိုနိုင်ငံ ဘော်ကီယိုပြည်နယ်၊ မြန်မာနိုင်ငံ တာချီလိတ်ခရိုင်နှင့် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တို့ နယ်နိမိတ်ချင်း ထိစပ်နေသည့် ဒေသဖြစ်သည်။

အဆိုပါ လေဆိပ်ဖွင့်ပွဲအခမ်းအနားသို့ လာအိုဒုတိယဝန်ကြီးချုပ် Saleumxay Kommasith တက်ရောက်ခဲ့ပြီး အထိမ်းအမှတ်ခေါင်းလောင်း ကိုးချက်တီးကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
“ဒီလေဆိပ်ဟာ ရွှေတြိဂံအထူးစီးပွားရေးဇုန်ရဲ့ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အရှိန်အဟုန်မြှင့်တင်ပေးမယ့် အဓိက အခန်းကဏ္ဍက ပါဝင်လာမှာပါ” ဟု လေဆိပ်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဘော်ကီယို အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လာအိုနိုင်ငံ၌ BOT (Build-Operate-Transfer) စနစ်ဖြင့် ပုဂ္ဂလိက က ပထမဆုံးအကြိမ် ငွေကြေးစိုက်ထုတ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဟောင်ကောင်အခြေစိုက် Greater Bay Area Investment and Development ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၇၅ သန်း ရင်းနှီးမြှုပ်နှံထားသည်။

အဆိုပါ လေဆိပ်သည် ရွှေတြိဂံအထူးစီးပွားရေးဇုန် (GT SEZ) နှင့် ၅ ကီလိုမီတာခန့်သာ ကွာဝေးသော မြေဧရိယာ ဟက်တာ ၃၀၀ ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီက နှစ်ပေါင်း ၅၀ လုပ်ပိုင်ခွင့် (Concession) ရရှိထားကြောင်း သိရသည်။
ဘော်ကီယို လေဆိပ်ပြေးလမ်းမှာ အလျား ၂,၅၀၀ မီတာနှင့် အနံ ၄၅ မီတာ ရှိသောကြောင့် Boeing 737-900ER နှင့် Airbus A320/A321 ကဲ့သို့သော ခရီးသည် ၂၀၀ တင်ဆောင်နိုင်သည့် လေယာဉ်ကြီးများ ဆင်းသက်နိုင်မည်ဖြစ်သည်။
လေဆိပ် အပြည့်အဝ လည်ပတ်ပါက တစ်နှစ်လျှင် ခရီးသည် နှစ်သန်းအထိ ဝန်ဆောင်မှုပေးနိုင်ရန် ရည်မှန်းထားပြီး ဘန်ကောက်၊ ချင်းမိုင်၊ ဟနွိုင်း၊ ကူမင်း နှင့် ဟောင်ကောင် အစရှိသည့် အာရှမြို့ကြီးများသို့ တိုက်ရိုက်ပျံသန်းနိုင်ရန် စီစဉ်ထားသည်။
ယခုလေဆိပ်သစ် ဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာ-လာအို-ထိုင်း သုံးပွင့်ဆိုင် နယ်စပ်ဒေသတွင် ကုန်သွယ်ရေးနှင့် ခရီးသွားလာမှု ကွန်ရက် ပိုမိုကျယ်ပြန့်လာနိုင်သော်လည်း တရားမဝင် နယ်စပ် ဖြတ်ကျော် လုပ်ငန်းများအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာသူအချို့က သုံးသပ်ထားပြီး စောင့်ကြည့်ရမည်ဖြစ်သည်။
ကိုးကား- The Laotian Times
ဓာတ်ပုံ – လူမှုကွန်ရက်