ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို နေအိမ်အတွင်း ဖောက်ထွင်းဝင်ရောက်ကာ ဓားဖြင့်ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အသက် ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသား Mr. Yusuf (ယူစွတ်) ဆိုသူသည် ယမန်နေ့ မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်က မိန်းကလေးငယ်၏ မိခင် အိမ်ပြင်ပသို့ ထွက်ခွာသွားသည်ကို စောင့်ကြည့်၍ နေအိမ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် မိန်းကလေးငယ်ကို ဓားဖြင့်ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေး ချက်များအရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ညနေ ၆ နာရီခန့်တွင် ရဲတပ်ဖွဲ့ထံ တိုင်ကြားချက် ရောက်ရှိလာပြီးနောက် နစ်နာသူ မိန်းကလေးငယ်၏ ထွက်ဆိုချက်များအရ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ရှာဖွေခဲ့ရာ ည ၉ နာရီခန့်တွင် ဖြစ်စဉ်ဖြစ်ပွားရာအိမ်အနီးရှိ လူမနေသည့်နေအိမ်တစ်ခု၏ နောက်ဖေးမြက်ခင်းပြင်တွင် ပုန်းအောင်းနေသည့် ကျူးလွန်သူကို ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်သူထံမှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ဓားကိုပါ သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်များအရ ကျူးလွန်သူသည် ယခင်ကတည်းက အဆိုပါ မိန်းကလေးငယ်ကို စွဲလမ်းနေခဲ့ပြီး ဆက်သွယ်ရန် အချက်အလက်များ တောင်းခံခဲ့ဖူးသော်လည်း မိန်းကလေးငယ်က ငြင်းဆိုထားခဲ့ ခြင်းဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့က အဆိုပါ မြန်မာနိုင်ငံသားကို မုဒိန်းမှု၊ လက်နက်ဖြင့်ခြိမ်းခြောက်မှု၊ နေအိမ်ဖောက်ထွင်း ဝင်ရောက်မှုတို့ဖြင့် တရားစွဲဆိုထားပြီး လက်ရှိတွင် အချုပ်ချထားကြောင်း သိရသည်။
ကိုးကား – Khaosod English