‎ဧရာဝတီတိုင်းမ်
‎မတ် ၁ရက်

‎ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီး လေးမျက်နှာမြို့နယ်တွင်လည်း စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်အစပ်ရှိ ကျေးရွာအချို့ကို စစ်ကော်မရှင်က ပြန်လည် ထိန်းချုပ်မှုများရှိနေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ရက်နှင့် ၂၆ ရက်တို့တွင် Y12၊ ဂျက်ဖိုက်တာ သုံးစင်းဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

‎”မနေ့ကအထိ လေးမျက်နှာဘက်ကို လက်နက်ကြီးကျသံတွေကြားနေရတယ်။ အဲဒီ့နားက ဒေသခံ တွေလည်း ပြေးသွားကြပြီပေါ့။ ချင်းလယ်ဘက်ကိုလည်း စစ်တပ် စစ်ကြောင်းဝင်တယ် ပြောပါတယ်” ဟု လေးမျက်နှာမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎စစ်ကော်မရှင်သည် လှော်ကထား၊ သဲနုကုန်း၊ စိန်တောင်၊ စောပြာစသည့်ကျေးရွာများကို ပြန်လည် နေရာယူထားပြီး ခလရ ၁၄ ၏ စစ်ကြောင်းများ လှည့်လည်နေကြောင်း သိရသည်။ ‎ ထို့အပြင် ချင်းကုန်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ သုံးခုထက်မနည်းတွင် စစ်ကော်မရှင်တပ်က နေအိမ်များကို ဖောက်ထွင်းကာ အဖိုးတန်ပစ္စည်းများနှင့် ပဲ၊ စပါးများကိုပါ ယူဆောင်သွားကြပြီး နေအိမ်များကို မီးရှို့ခဲ့သည်။

စစ်ကော်မရှင်၏ ‎အမြောက်တပ် ၃၄၄ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သံများကိုလည်း ယမန်နေ့ နံနက်ပိုင်းကအထိ‌ လေးမျက်နှာမြို့ဘက်မှ ကြားနေရကြောင်း ဒေသခံများက ဆိုသည်။ ‎လေးမျက်နှာ မြို့နယ်ကို ပြီးခဲ့သည့် ဒီဇင်ဘာမှစကာ အင်အားဖြည့်တင်းမှုများပြုလုပ်ထားပြီး ရေကြည်၊ အင်္ဂပူ၊ သာပေါင်း ဘက်တွင်ပါ စစ်ကော်မရှင်က စစ်ကြောင်းထိုးနေကြောင်း သိရသည်။

တိုက်ပွဲများအတွင်း ဒဏ်ရာရနှင့်သေဆုံး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ပုသိမ်သို့ အမိုးအုပ်အလုံကာ ဖောကားများဖြင့်ပြန်လည် သယ်ယူလာပြီး ဆေးကုသရမည့်တပ်ဖွဲ့ဝင်များကို စစ်မြေပြင်ဆေးတပ်ရင်း မဆရ-၄ ကိုပို့ဆောင်ကာ ကျန်သူများကို ရင်ခွဲရုံနှင့် ရွှေမြင်တင်မီးသဂြိုဟ်စက်သို့ ပို့ဆောင်ထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်