ဧရာဝတီတိုင်းမ်
မတ် ၁ ရက်

 

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ရှားခဲတိုက်နယ်တွင် စစ်ကော်မရှင်ကို လိုင်းကြေးပေး၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ပြုလုပ်နေသည့်လောင်းကစားဝိုင်းကို ဧရာဝတီတိုင်းမ်က သတင်းဖော်ပြပြီး နောက် လောင်းကစားဝိုင်းဖျက်ပြေးသွားကြကြောင်း ဒေသခံများထံမှသိရသည်။

 

လောင်းကစားဝိုင်းများကို ပြီးခဲ့သည့် ဖော်ဖော်ဝါရီ ၂၇ ရက်နေ့ကစတင်ပြုလုပ်ခဲ့ပြီး သောကြာ၊ စနေ၊ တနင်္ဂ နွေ သုံးရက်တာပြုလုပ်မည်ဟု ပြောဆိုသော်လည်း ဖေဖော်ဝါရီ ၂၇ ရက်နေ့ညတွင် လောင်းကစား ဝိုင်းများ ပျက်သွားကြောင်း ဒေသခံများက ဆိုသည်။

 

“လာဖမ်းလို့ ဝိုင်းပျက်တာတော့မဟုတ်ဘူး သတင်းတွေတက်လာတော့ မှောင်ခါနီးမှာ အမိုးအကာ တွေကို အကုန်ဖျက်ပြေးကြတာ၊ ဝိုင်းဖျက်ဝောာ အိုးဝေနဲ့ ထမင်း၊ အချိုရည်၊ ဘီယာရောင်းတဲ့ ဆိုင်တွေ လဲ ပြန်သွားကြတယ်။ ဟင်္သာတမြို့ စစ်ကော်မရှင်က လိုင်းကြေးယူထား‌တော့ အကြောင်းကြား ပြီးဖျက်ခိုင်းတာ။ ဖမ်းဆီးတာတော့ ခုထိမရှိဘူး”ဟု ရှားခဲတိုက်နယ်ရှိ စစ်ကော်မရှင်တပ်နှင့် နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရှားခဲတိုက်နယ်၊ တောင်ဂလုံကျေးရွာရှိ စစ်ကော်မရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟန်ရွှေနှင့် အဖွဲ့သည် လောင်းကစားဝိုင်းများကို အမိုး အကာများဖြင့် အခိုင်အမာဆောက်လုပ်ထားပြီး တက္ကသိုလ် ဝင်စာမေးပွဲအပြီးတွင် ကြက်ဝိုင်း၊ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်နှင့် ဖဲဝိုင်းများကိုပြန်လည် ဖွင့်လှစ်မည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟန်ရွှေနှင့်အဖွဲ့က ပြောဆိုကြောင်း ဒေသခံများထံမှ သိရသည်။

 

အဆိုပါ လောင်းကစားဝိုင်းများနှင့် ပတ်သက်၍ ဟင်္သာတမြို့နယ် စစ်ကော်မရှင်ထံ တိုင်ကြားမှုများ ရှိသော်လည်း စစ်ကော်မရှင်တပ်အနေဖြင့် လိုင်းကြေးယူထားခြင်းကြောင့် ပါဝင်ပတ်သက်သူများကို ယနေ့အချိန်ထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း စစ်ကော်မရှင်တပ်ကို လိုင်းကြေး ပေးဆောင်ကာ လောင်းကစားဝိုင်းများကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာကြကြောင်းကို ဧရာဝတီတိုင်းမ် အနေဖြင့် စုံစမ်းသိရှိရသည်။

 

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-လောင်းကစားပြုလုပ်နေသည့်မြင်ကွင်းနှင့် သတင်းဖော်ပြပြီးနောက် လောင်းကစား ဝိုင်းများဖျက်ထားသည့်မြင်ကွင်း