‎ဧရာဝတီတိုင်းမ်
‎မတ် ၁ရက်


နိုင်ငံတစ်ဝန်း စစ်မျက်နှာအသီးသီးတွင် အထိနာနေပြီး အောက်ခြေတပ်ဖွဲ့ဝင်များ စိတ်ဓာတ်ပျက်ပြား၍ တပ်စွန့်ခွာမှုများပြားနေချိန်တွင် စစ်ကော်မရှင်က ၎င်းတို့၏ လက်နက်ကိုင်ယန္တရားကို ငွေကြေးဖြင့် ပြန်လည်ဆွဲဆောင်ရန် ကြိုးပမ်းသည့်အနေဖြင့် “တာဝန်ထမ်းဆောင်မှု အထူးထောက်ပံ့ကြေး” များကို လစဉ်ပေးအပ်သွားမည်ဟု ယနေ့ မတ် ၁ ရက်နေ့တွင် ထုတ်ပြန်လာသည်။

 

စစ်ကော်မရှင်က ယနေ့ထုတ်ပြန်သည့် အဆိုပါ အထူးထောက်ပံ့ကြေးကို လုပ်သက်အပေါ် မူတည်၍ ခွဲခြားသတ်မှတ်ထားပြီး အောက်ခြေတပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် လစဉ် ကျပ် ၃ သောင်းမှ ၁ သိန်းအထိ ထပ်ဆောင်းပေးအပ်သွားမည် ဖြစ်သည်။

လုပ်သက် ၁၀နှစ်နှင့်အထက်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များကို လစဉ် ၃၀၀၀၀ ကျပ်၊ လုပ်သက် ၁၅နှစ်နှင့်အထက်ရှိသူများကို လစဉ် ၅၀၀၀၀ ကျပ်၊ လုပ်သက် ၂၀နှစ်နှင့်အထက်ရှိသူများကို လစဉ် ၁၀၀၀၀၀ကျပ် ပေးအပ်သွားမည်ဖြစ်ပြီး ‎အဆိုပါ ထောက်ပံ့ကြေးသည် ယနေ့ မတ်လ ၁ ရက်နေ့မှ စတင်၍ အကျိုးသက်ရောက်မည်ဟု သိရသည်။

 

စစ်ကော်ရှင်၏ ယခုထုတ်ပြန်ချက်တွင် စစ်သား နှင့် ရဲတပ်ဖွဲ့ဝင်များသည် “ပင်ပန်းကြမ်းတမ်းစွာ သက်စွန့်တာဝန်ထမ်းဆောင်နေရခြင်း” ကို အသိအမှတ်ပြုခြင်းဖြစ်သည်ဟု ဆိုထားသည်။ ထို့ကြောင့် စစ်ကော်မရှင်က ပေးအပ်သည့် အဆိုပါ အထူးထောက်ပံ့ကြေးမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အတွက်သာ ဖြစ်ပြီး အခြားသော ကျန်းမာရေး၊ ပညာရေးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် သက်ဆိုင်ခြင်း မရှိပေ။

 

အာဏာသိမ်းစစ်ကော်မရှင်သည် ရှေ့တန်းတိုက်ပွဲများ၌ လူအင်အားပြုန်းတီးမှုနှင့်အတူ တပ်ပြေးနှင့် အလင်းဝင်သူ များပြားလာသည့် ပြဿနာကို ရင်ဆိုင်နေရသည်။ ထို့ကြောင့် အောက်ခြေတပ်ဖွဲ့ဝင်များ တပ်အတွင်းမှ နှုတ်ထွက်မှုများကို တားဆီးရန်နှင့် ပြိုလဲနေသော တပ်တွင်းစိတ်ဓာတ်ကို ငွေကြေးဖြင့် ပြန်လည်ထိန်းသိမ်းရန် ကြိုးပမ်းလာခြင်း ဖြစ်ကြောင်း CDM တပ်မတော်သားအရာရှိများက ဆိုသည်။

 

ဓာတ်ပုံ- လူမှုကွန်ရက်