‎ဧရာဝတီတိုင်းမ်
‎မတ် ၁ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် နီးကပ်လာသည့် တိုက်ပွဲအခြေအနေများကြောင့် စစ်ကော်မရှင်က ပင်လယ်ပြင်တွင် စစ်သင်္ဘောများ တိုးမြှင့်ကာ ကင်းလှည့်လာသလို၊ မြို့တွင်း၌လည်း သံချပ်ကာ ယာဉ်များဖြင့် အင်အားပြလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အပြန်အလှန် ပစ်ခတ်မှုများ စစ်တွေမြို့နှင့် အနီးဆုံးသို့ ရောက်ရှိလာပြီးနောက် စစ်ကော်မရှင်က စစ်တွေပင်လယ်ပြင်တွင် စစ်သင်္ဘော ခုနစ် စီးအထိ ထုတ်ပြလာပြီး အမြင့်ကျွန်းတွင်လည်း သံချပ်ကာ ယာဉ်များဖြင့် အင်အားပြ ကင်းလှည့်နေခြင်းဖြစ်သည်။

‎”အင်အားပြပြီး သံချပ်ကာတွေပါထုတ်ပြလာတယ်။ မြို့နားကို ခါတိုင်း စစ်သင်္ဘော လေးစီးလှည့်တယ်။ အခု ခုနစ် စီးလောက်အထိ တွေ့ရပြီ။ ပစ်ခတ်တာကတော့ စနိုက်ဘာရော၊ လက်နက်ကြီးရော နှစ်ဖက်နှောင့်ယှက် ပစ်ခတ်တဲ့သဘောပဲ” ဟု စစ်တွေသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းအထိ လက်နက်ကြီး၊ လက်နက်ငယ် အပြန်အလှန် ပစ်ခတ်သံများကို စစ်တွေမြို့အတွင်းမှ ကြားနေရပြီး ကျေးတောရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် စစ်ကော်မရှင်၏ ခလရ-၂၀ နှင့် ရွှေမင်းဂံရေတပ်စခန်းတို့မှလည်း ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့ဘက်သို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က တစ်နေကုန်နီးပါး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် တောကန်၊ ကံ့ကော်ကျွန်း၊ အမြင့်ကျွန်းနှင့် ပါဒလိတ်ဘက်တို့တွင် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ရှိနေပြီး ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ မှန်စီနှင့် ကျေးတောကဲ့သို့ စစ်တွေမြို့နှင့် ကပ်လျက်ကျေးရွာများတွင်ပါ ပစ်ခတ်မှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။

 

စစ်ကော်မရှင်က စစ်ဆေးရုံအနီးရှိ ကျေးရွာများကို ပြောင်းရွှေ့ခိုင်းထားပြီး ပစ်ကွင်းရှင်းလင်းသည်ဟု အကြောင်းပြကာ ကျေးရွာအချို့ကိုလည်း မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်