ဧရာဝတီတိုင်းမ်
(တောင်ငူ)‎မတ် ၁ရက်

ပဲခူးတိုင်း၊ တောင်ငူမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ယနေ့ မတ်လ ၁ ရက် နံနက်အစောပိုင်းက လူငယ် တစ်ဦး ဆေးကြောင်ပြီး လုပ်ဖော်ကိုင်ဖက်ဖြစ်သူကို ဓားမဖြင့်ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၄ နာရီဝန်းကျင်တွင် တောင်ငူမြို့၊ (၁၈) ရပ်ကွက်နေ အသက် ၁၆ နှစ်အရွယ် စိုင်းသူရအောင် (ခ) ကောင်လေးကို (၂) ရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် ဇင်မျိုးဇော်က အရိုးအသွား ၁၈ လက်မရှိ ဓားမဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူနှင့် ကျူးလွန်သူတို့သည် ကြက်သားဒိုင် တစ်ခုတွင် ကြက်မွေးနှုတ်သည့်အလုပ်ကို အတူတူလုပ်ကိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

“စိုင်းသူရအောင် အိပ်နေတုန်းမှာ ဇင်မျိုးဇော်က ဆေးကြောင်ပြီး ဓားမနဲ့ ခုတ်လိုက်တာ။ လည်ပင်း နောက်ကျောကို ခုတ်လိုက်တာဆိုတော့ လည်ပင်းက တဲတဲလေးပဲ ကျန်တော့တယ်” ဟု အခင်း ဖြစ်ပွားရာ ဝန်းကျင်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လူသတ်မှုကျူးလွန်သူ ဇင်မျိုးဇော်သည် အခင်းဖြစ်ပွားပြီးနောက် အသာတကြည် အဖမ်းခံခဲ့ပြီး ၎င်းကို စစ်ကော်မရှင်လက်အောက်ခံ တောင်ငူမြို့ အမှတ် (၂) နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

တောင်ငူမြို့တွင် နောက်ပိုင်း၌ မူးယစ်ဆေးဝါး အလွန်အမင်း ပေါများလာနေပြီး ဆေးကြောင်နေသည့် လူငယ်များပြားလာခြင်းကြောင့် ဒေသခံပြည်သူများမှာ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့် နေရကြောင်း မြို့ခံများက ဆိုသည်။