ဧရာဝတီတိုင်းမ်
မတ် ၁ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင်က စစ်ကူနှင့် ရိက္ခာများ ဆက်တိုက်ပို့ဆောင်ရန် ကြိုးပမ်းနေခြင်းကြောင့် ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှစတင်ကာ တိုက်ပွဲများ ပြန်လည်ပြင်းထန်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူနှင့် ရိက္ခာပို့ဆောင်သည့် လမ်းသစ်နှင့် လမ်းဟောင်း လမ်းကြောင်း နှစ်ခုလုံးတွင် ယမန်နေ့က အကြမ်းဖက်စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
”စစ်ကော်မရှင်စစ်ကြောင်းမှာ အင်အား ၂၀၀ လောက်ပါတယ်လို့ သိရတယ်။ လမ်းကြောင်းနှစ်ခုလုံးမှာ တိုက်ပွဲတွေ ရှိနေတာပါ” ဟု စစ်ကော်မရှင်တပ်များ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေသူ သတင်း ရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆုံကုန်းအမြောက်တပ်အတွင်းသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ရောက်ရှိလာသည့် စစ်ယာဉ် တန်းများကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ဇင်ပြွန်းမှတစ်ဆင့် လမ်းဟောင်းအတိုင်း စစ်ယာဉ်နှစ်စီး၊ လမ်းသစ်အတိုင်း စစ်ယာဉ်နှစ်စီးဖြင့် အင်အားအပြည့်အသုံးပြုကာ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။
အဆိုပါ စစ်ယာဉ်တန်းများ မစေလွှတ်မီ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် မစခ-၉၀၅ အတွင်းမှ ကင်းထောက်ဒရုန်းများသည် ပဇီနှင့် ဂုတ်ကြီးလမ်းပိုင်းများကို နေ့စဉ်ကင်းထောက် ပျံသန်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ် ဗျူဟာကုန်းကို AA နှင့် ပူးပေါင်းတပ်များက ပိတ်ဆို့ထားသည့်အခြေအနေဖြစ်ပြီး ဘေးပတ်လည်ရှိ ကာကင်းစခန်းများကိုလည်း သိမ်းဆည်း ထားကာ ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ထားခြင်းဖြစ်သည်။
သို့သော် စစ်ကော်မရှင်ဘက်မှ နတ်ရေကန်ဗျူဟာကုန်းသို့ သယ်ယူပို့ဆောင်ရေး လေယာဉ်များဖြင့် ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းထားသလို ပိတ်ဆို့ခံထားရသည့် လမ်းကြောင်းနှစ်ခုမှလည်း စစ်ကြောင်း ထိုးတက်လာရန် ကြိုးပမ်းနေခြင်းကြောင့် တိုက်ပွဲများ ပြန်လည်စတင်လာခြင်း ဖြစ်သည်။
ပုံစာ-စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ (ပုံဟောင်း)