ဆောင်းပါးရှင်-ဂျူနီယာဘမောင်
(ဧရာ၀တီတိုင်းမ်၊ မတ် ၁ ရက်)
အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်နှင့် အစ္စရေးနိုင်ငံ၏ စီးပွားရေးနှင့် နည်းပညာဗဟိုချက် တဲလ်အဗီဗ် ကြားက ဒုံးကျည်သံများသည် အရှေ့အလယ်ပိုင်း၏ မြေပုံကိုသာမက အာရှ၏ စားဝတ်နေရေးနှင့် ကမ္ဘာ့စီးပွားရေး အဆောက်အအုံကိုပါ ကိုင်လှုပ်နေပြီဖြစ်သည်။
အရှေ့အလယ်ပိုင်း၏ ပထဝီနိုင်ငံရေး ရေချိန်သည် ဆယ်စုနှစ်များစွာအတွင်း အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဟော်မုဇ်ရေလက်ကြား၏ ရေပြင်ထက်တွင် ရေနံတင်သင်္ဘောများအစား စစ်သင်္ဘောများ နေရာယူလာခြင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းများ စံချိန်တင် မြင့်တက်လာခြင်းတို့သည် ရန်ကုန်နှင့် မန္တလေးရှိ သာမန်ပြည်သူများ၏ အိတ်ကပ်ထဲအထိသို့ သက်ရောက်မှု ရှိလာနေပြီ ဖြစ်သည်။
“အရိပ်စစ်ပွဲ” မှ “တိုက်ရိုက်စစ်ပွဲ” သို့
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညသန်းခေါင်ယံသည် သမိုင်းတစ်ကွေ့၏ အချိုးအကွေ့ ဖြစ်လာ ခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းကာ အီရန်နိုင်ငံအတွင်းရှိ နျူကလီးယား စက်ရုံများနှင့် စစ်ရေးဗဟိုချက်များကို တိုက်ရိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယခင်က တစ်ဖက်နှင့်တစ်ဖက် ကြားခံအဖွဲ့အစည်းများမှတစ်ဆင့် တိုက်ခိုက်သည့် “အရိပ်စစ်ပွဲ” (Shadow War) ကိုသာ ဆင်နွှဲခဲ့ကြသော်လည်း ယခုမူ မျက်နှာချင်းဆိုင် “တိုက်ရိုက်စစ်ပွဲ” (Direct War) အဆင့်သို့ ကူးပြောင်းသွားပြီဖြစ်သည်။ အီရန်တို့က “မဟာစေတန်” (The Great Satan) ဟု သတ်မှတ်ထားသည့် အမေရိကန်နှင့် စေတန်ငယ် (The Little Satan) ဟု သတ်မှတ်ထားသော အစ္စရေးကို “Operation True Promise 4” ဟု အမည်ပေးကာ ဒရုန်းနှင့် ဒုံးကျည် အလုံးအရင်းဖြင့် ပြန်လည်တုံ့ပြန်နေသည်။
မြေပုံကပြောသော အမှန်တရား Chokepoint
ဟော်မုဇ်ရေလက်ကြားသည် ပထဝီနိုင်ငံရေးအရ ကမ္ဘာ့အန္တရာယ်အရှိဆုံးနှင့် အရေးအပါဆုံး ဗျူဟာမြောက် လမ်းကျဉ်း (Chokepoint) တစ်ခုဖြစ်သည်။ အဆိုပါနေရာကို ထိန်းချုပ်နိုင်သူသည် ကမ္ဘာ့ကုန်သွယ်ရေး၏ လည်ပင်းကို ဖျစ်ညှစ်ထားနိုင်သည့် အာဏာရှိသည်။ လက်ရှိ ကမ္ဘာ့ရေနံတင်ပို့မှု စုစုပေါင်း၏ ၂၀% မှ ၃၀% အထိသည် ဤနေရာကို ဖြတ်သန်းနေရခြင်း ဖြစ်ပြီး အာရှနိုင်ငံများ သုံးစွဲနေသည့် ရေနံ ၈၀% ကျော်သည်လည်း ဤနေရာကိုပင် ဖြတ်သန်းလာရသည်။
အီရန်အတွက်မူ ဟော်မုဇ်ရေလက်ကြားသည် ၎င်းတို့၏ “နောက်ဆုံးပိတ် မဟာဗျူဟာမြောက် လက်နက်” ဖြစ်ပြီး တိုက်ရိုက်စစ်ပွဲတွင် ရန်သူကို မယှဉ်နိုင်သော်လည်း ယင်းနေရာမှနေ၍ ရေမြှုပ်မိုင်း များနှင့် ဒုံးကျည်များဖြင့် ကမ္ဘာ့စီးပွားရေးကို ဓားစာခံပြုလုပ်နိုင်သည်။
ပျက်ပြားသွားသော အိုမန်လျှို့ဝှက်ဆွေးနွေးပွဲ
အိုမန်နိုင်ငံ မက်စကတ်မြို့သည် အမေရိကန်နှင့် အီရန်တို့ကြား “နောက်ဖေးတံခါး” သံတမန် လမ်းကြောင်းအဖြစ် စစ်မဖြစ်မီအထိ အရေးအပါဆုံး ဖြစ်ခဲ့သည်။ သမ္မတ ထရမ့်၏ ယုံကြည်စိတ်ချရသူ Steve Witkoff နှင့် Jared Kushner တို့ ဦးဆောင်သည့် အဖွဲ့သည် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် လျှို့ဝှက်ဆွေးနွေးခဲ့ကြသည်။ အပေးအယူမှာ အီရန်က ယူရေနီယံသန့်စင်မှုကို ကန့်သတ်ပေးလျှင် အမေရိကန်က ဒေါ်လာဘီလီယံနှင့်ချီသည့် ဘဏ်စာရင်းများကို ပြန်လည်ဖွင့်ပေးရန်ဖြစ်သည်။ သို့သော် အစ္စရေးထောက်လှမ်းရေးက အီရန်သည် အချိန်ဆွဲနေခြင်းသာဖြစ်ကြောင်း အထောက်အထားပြ ကန့်ကွက်မှုများကြောင့် သံတမန်လမ်းကြောင်းမှာ ၂၀၂၆ ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အပြီးတိုင် ပျက်ပြားသွားခဲ့ရသည်။
စစ်ဆင်ရေးနှစ်ရပ်၊ ရည်မှန်းချက်တစ်ခုဖြင့် တီဟီရန်ကိုအမှောင်ချခြင်း
ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆင်နွှဲခဲ့သော ဝေဟင်ထိုးစစ်သည် အမေရိကန်နှင့် အစ္စရေးတို့အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဟု ထင်ရသော်လည်း လက်တွေ့တွင်မူ မတူညီသော အကျိုးစီးပွားနှစ်ရပ်ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
အစ္စရေး၏ “Operation Roaring Lion” သည် အီရန်၏ နျူကလီးယား အခြေခံအဆောက်အအုံများနှင့် ထိပ်တန်းခေါင်းဆောင်ပိုင်းကို အမြစ်ပြတ်ချေမှုန်းရန် ဦးတည်သည့် “ရှင်ရေးသေရေး” တိုက်ပွဲ တစ်ခုအဖြစ် ပုံဖော်ခဲ့ပြီး အမေရိကန်၏ “Operation Epic Fury” ကမူ အီရန်၏ ဒုံးကျည်လက်တံများကို ဖြတ်တောက်၍ ဒေသတွင်း အင်အားချိန်ခွင်လျှာကို ထိန်းညှိရန် ကြိုးပမ်းသည့် “ကန့်သတ်စစ်ဆင်ရေး” အဖြစ် ရပ်တည်ခဲ့သည်။
ယခုကဲ့သို့ စစ်ဆင်ရေးအမည်နှစ်ခု သီးခြားခွဲခြားထားခြင်းမှာ စစ်ပွဲအပြီး ပေါ်ပေါက်လာမည့် နိုင်ငံတကာ တာဝန်ယူမှုဆိုင်ရာ ဥပဒေကြောင်းများကို ရှောင်လွှဲရန်နှင့် အမေရိကန်အနေဖြင့် အီရန်အစိုးရ ပြုတ်ကျရေးထက် စစ်အင်အားချည့်နဲ့ရေးကိုသာ ဦးစားပေးလိုသည့် သံတမန်ရေးရာ ဟန်ချက်ညီမှုကို ပြသနေသည်။ ယခု တိုက်ခိုက်မှုသည် တီဟီရန်၏ စစ်အင်အားကိုသာမက၊ အရှေ့အလယ်ပိုင်း၏ ဆယ်စု နှစ်များစွာကြာ တည်ရှိခဲ့သော ပထဝီနိုင်ငံရေး အခင်းအကျင်းဟောင်းကိုပါ အပြီးတိုင် အမှောင်ချ ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။
တရုတ်၏ စွမ်းအင်လမ်းကြောင်း အကျပ်အတည်းနှင့် မြန်မာအပေါ် လည်ပင်းညှစ်လာနိုင်သည့် အန္တရာယ်
အရှေ့အလယ်ပိုင်း စစ်မီးကြောင့် စီးပွားရေးအရ အထိနာဆုံးဖြစ်လာမည့်နိုင်ငံမှာ တရုတ် (China) ဖြစ်သည်။ တရုတ်သည် ၎င်း၏ လောင်စာဆီလိုအပ်ချက်အတွက် အရှေ့အလယ်ပိုင်းကို အဓိကမှီခို နေရသူဖြစ်ရာ ဖေဖော်ဝါရီ ၂၈ ရက် တိုက်ခိုက်မှုအပြီးတွင် တရုတ်သို့ ဦးတည်နေသည့် ရေနံတင် သင်္ဘောအများအပြားသည် ဟော်မုဇ်ရေလက်ကြားသို့ မဝင်ရဲတော့ဘဲ ပင်လယ်ပြင်တွင် ရပ်တန့် စောင့်ဆိုင်းနေကြရသည်။ ယခုလို လောင်စာဆီလမ်းကြောင်း ပိတ်ဆို့မှုကြောင့် ဘေဂျင်းအစိုးရသည် ၎င်း၏ စွမ်းအင်လုံခြုံရေးအတွက် အရေးပေါ်အစီအစဉ်များကို စတင်ရတော့မည်ဖြစ်သည်။
တရုတ်၏ Belt and Road စီမံကိန်းများဖြစ်သော အခြေခံအဆောက်အအုံ လမ်းကြောင်းများမှာလည်း စစ်မီးကြောင့် အပြောင်းအလဲကြီးစွာ ကြုံတွေ့ရနိုင်သည်။
အဆိုပါ အကျပ်အတည်းသည် မြန်မာနိုင်ငံအပေါ်သို့ တိုက်ရိုက်ဂယက်ရိုက်လာမည်မှာ သေချာသည်။ တရုတ်သည် အီရန်ထံမှ ရေနံနှင့် လောင်စာဆီ မရရှိတော့ပါက ၎င်း၏ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ ရပ်တန့်ထားသော “မြစ်ဆုံ” ကဲ့သို့သော ရေအားလျှပ်စစ် စီမံကိန်းများကို ပြန်လည်အသက်သွင်းရန် စစ်ကော်မရှင် အပေါ် ဖိအားပေးလာနိုင်သည်။
ထို့ပြင် ရခိုင်ကမ်းရိုးတန်းမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ လုံခြုံရေးနှင့် ပို့လွှတ်မှုပမာဏ တိုးမြှင့်ရေးအတွက်လည်း မြန်မာကို နည်းမျိုးစုံဖြင့် လည်ပင်းညှစ်လာနိုင်သည့် အန္တရာယ်ရှိနေသည်။ တီဟီရန်တွင် ဗုံးပေါက်ခြင်းသည် စစ်ကော်မရှင် ကို တရုတ်၏ လက်ခုပ်တွင်းသို့ ပိုမိုတွန်းပို့လိုက်သကဲ့သို့လည်း ဖြစ်သွားစေနိုင်ပါသည်။
နေပြည်တော်နှင့် တီဟီရန် – စစ်ကော်မရှင်၏ လျှို့ဝှက်မဟာမိတ်
ယခုစစ်ပွဲသည် အရှေ့အလယ်ပိုင်းမှ မိုင်ပေါင်းထောင်ချီ ဝေးကွာသည့် မြန်မာနိုင်ငံအတွက် စွမ်းအင် ဈေးကွက်ထက် ပိုမိုနက်ရှိုင်းသည့် အဓိပ္ပာယ်ရှိနေသည်။ အီရန်ကိုယ်စားလှယ်အဖွဲ့များသည် စစ်တပ် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစ၍ နေပြည်တော် သို့ လျှို့ဝှက်လာရောက်ခဲ့သည်။
စစ်ကော်မရှင် အတွက် အီရန်သည် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို အတူတကွ ရင်ဆိုင် နေရသည့် “ဒုက္ခပေးဖက်” မဟာမိတ်ဖြစ်သည်။ စစ်ကော်မရှင် နှင့် အီရန်နိုင်ငံတို့၏ ဆက်ဆံရေးသည် ပွင့်လင်းမြင်သာသော သံတမန်ရေးထက် “စစ်ဘက်ဆိုင်ရာ နည်းပညာ” နှင့် “လျှို့ဝှက်ကုန်သွယ်မှု” ဟူသည့် မှောင်ခိုဈေးကွက် ဆန်ဆန် ကဏ္ဍများတွင် ပိုမိုအားကောင်းနေသည်။
အထူးသဖြင့် စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုများကို နှိမ်နင်းရာတွင် အသုံးပြုနေသည့် နည်းပညာအချို့မှာ အီရန်၏ လက်ရာများဖြစ်နေသည်။ အထင်ရှားဆုံးသော ချိတ်ဆက်မှုမှာ ဒရုန်း (UAV) နည်းပညာ ဖလှယ်မှုပင် ဖြစ်သည်။ အီရန်သည် ၎င်းတို့၏ နာမည်ကျော် Mohajer-6 ကဲ့သို့သော တိုက်ခိုက်ရေးဒရုန်း နည်းပညာများကို စစ်ကော်မရှင်ထံ လွှဲပြောင်းပေးနေရုံသာမက မြန်မာနိုင်ငံ အတွင်း၌ပင် ကိုယ်တိုင်ထုတ်လုပ်နိုင်စေရန် အပိုပစ္စည်းနှင့် နည်းပညာပိုင်းဆိုင်ရာ အကြံပေးမှုများကိုပါ ပံ့ပိုးပေးနေကြောင်း နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများက အခိုင်အမာ ထောက်ပြကြသည်။
ယင်းလျှို့ဝှက်ချက်ကို ပိုမိုခိုင်မာစေသည်မှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် ဆက်နွှယ် နေသည့် Qeshm Fars Air ကဲ့သို့သော လေယာဉ်များ နေပြည်တော်သို့ မကြာခဏ လာရောက် ဆင်းသက်နေခြင်း ဖြစ်သည်။ ၎င်းသည် သံတမန်ခရီးစဉ်ထက် စစ်လက်နက်ပစ္စည်းများ ပို့ဆောင်သည့် လမ်းကြောင်းဖြစ်နိုင်ခြေ ပိုများနေသည်။
ထို့ပြင် နှစ်နိုင်ငံလုံးသည် ဒေါ်လာငွေကြေး အကျပ်အတည်းကို ကျော်လွှားရန်အတွက် “ကုန်ပစ္စည်းချင်း လဲလှယ်သည့်စနစ်” (Barter System) ကို ကျင့်သုံးရန် ကြိုးပမ်းလာကြသည်။ စစ်ကော်မရှင် အတွက် အသက်တမျှ အရေးကြီးသော စက်သုံးဆီနှင့် ရေနံထွက်ပစ္စည်းများကို အီရန်ထံမှ ရယူပြီး အပြန်အလှန်အနေဖြင့် အီရန်က လိုအပ်နေသည့် ဆန်နှင့် လယ်ယာထွက်ကုန်များကို ပြန်လည် ပေးပို့သည့် နည်းလမ်းဖြင့် နိုင်ငံတကာ ဘဏ္ဍာရေးစနစ်ကို ရှောင်ကွင်းရန် ကြံစည်နေကြခြင်း ဖြစ်သည်။
ယခုအခါ အီရန်သည် ၎င်း၏ကိုယ်ပိုင်စစ်မျက်နှာကိုသာ အာရုံစိုက်ရတော့မည်ဖြစ်ရာ စစ်ကော်မရှင်ထံ ပေးပို့နေသည့် စစ်ဘက်နည်းပညာများ ရပ်တန့်သွားနိုင်ပေသည်။ ထို့အတူ ကမ္ဘာ့ရေနံဈေးနှင့် ရွှေဈေး မြင့်တက်လာနိုင်မှုကြောင့်လည်း ပြည်တွင်းတွင် စီးပွားရေးအကျပ် အတည်း ပိုမိုဆိုးရွားလာကာ စစ်ကော်မရှင်အပေါ် မကျေနပ်မှုများကို ပိုမိုမြင့်တက်လာစေမည့် အချက်ဖြစ်လာနိုင်သည်။
“အထီးကျန်နိုင်ငံများ၏ မဟာမိတ်ဖွဲ့မှု” သည် အရှေ့အလယ်ပိုင်း စစ်မီးကြောင့် အီရန်အထိနာသွားပါက မြန်မာစစ်ခေါင်းဆောင်များအတွက် စစ်ရေးနှင့် စွမ်းအင်ဆိုင်ရာ အဓိက ထောက်တိုင်တစ်ခု ပြိုလဲသွားနိုင်ပေသည်။
အချုပ်အားဖြင့်ဆိုရသော် ယခု ဖေဖော်ဝါရီ ၂၈ ၏ တိုက်ခိုက်မှုသည် အရှေ့အလယ်ပိုင်း၌ ဆယ်စုနှစ် များစွာ တည်ရှိခဲ့သော “အရိပ်စစ်ပွဲ” ကို အဆုံးသတ်စေကာ ကမ္ဘာ့အစီအစဉ်သစ်ကို ပြန်လည်ရေးဆွဲမည့် တိုက်ရိုက်စစ်ပွဲခေတ်သို့ တွန်းပို့လိုက်ခြင်းပင်ဖြစ်သည်။ ယခုစတင်လာသော စစ်မီးသည် အီရန်၏ “ခုခံမှုမဟာမိတ်” ကွန်ရက်ကိုသာမက ၎င်းနှင့် နက်ရှိုင်းစွာ ဆက်နွယ်နေသော စစ်ကော်မရှင် ကဲ့သို့ အာဏာရှင်မဟာမိတ်များ၏ စစ်ရေးနှင့် သံတမန်ရေးရာ အားကိုးရာများကိုပါ ပြိုလဲစေနိုင်သည့် အန္တရာယ်ရှိနေပြီ ဖြစ်ပါသည်။