‎ဧရာဝတီတိုင်းမ်
‎ဇွန် ၂ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်းရှိ နတ်ရေကန်ဗျူဟာနှင့် အမြောက်တပ်များတွင် ရွေးတုအစိုးရ စစ်တပ်က ဒုံးတပ်ရင်းများပါစေလွှတ်ထားကြောင်း သိရသည်။

‎မင်းဘူး- အမ်းလမ်းပိုင်း၊ ဇီးအိုင်ကျေးရွာအနီးတွင် ပြီးခဲ့သည့် မေ ၂၉ ရက်က စစ်တပ်၏ လက်နက် ခဲယမ်းသယ်လာသည့် ထောက်ပို့ကားကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ ၁၂၂-မမ ဒုံးကျည်များကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


‎”ဒုံးတပ်ရင်းမှထွက်လာတဲ့လမ်းကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ရရှိသွားတဲ့ ခဲယမ်းတွေကြောင့် ပဒါန်းတပ်နယ်အတွင်း ဒုံးတပ်ရင်း စေလွှတ်တာလို့ တွက်ဆလို့ရပါတယ် ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

‎အဆိုပါ ခဲယမ်းများကို သယ်ဆောင်လာသည့် စစ်ယာဉ်တန်းသည် ကျောက်ပန်းတောင်း အခြေစိုက် အမှတ် (၁) ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ဒစခ-၁)လက်အောက်ခံ ဒုံးတပ်ရင်း ဒတရ-၆၀၉ ဂွေးချို၊ ရေနံချောင်း၊ မင်းဘူးမှတစ်ဆင့် ပဒါန်းတပ်နယ်အတွင်း ဝင်ရောက်လာခြင်းဖြစ်သည်။

ရွေးတုအစိုးရ စစ်တပ်သည် ‎ဒုံးကျည်နှင့် ဆက်စပ်ခဲယမ်းများကို ကရင်နီစစ်မျက်နှာနှင့် ချင်းပြည် မြောက်ပိုင်းတို့တွင် အဓိကထားအသုံးပြုခဲ့ပြီး စစ်တွေတပ်နယ်တွင်လည်း ဒုံးတပ်ရင်းတစ်ခုထား ရှိသည်။ ထို့ကြောင့် အဆိုပါခဲယမ်းများပို့နေရသည့် ပဒါန်းတပ်နယ်တွင်လည်း ဒုံးတပ်ဖွဲ့များ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယာဉ်ပေါ်တွင် အစောင့်အရှောက်အနည်းအကျဉ်းသာ ပါဝင်သည့် ခဲယမ်းယာဉ် တိုက်ခိုက်ခံရချိန်တွင် မစခ ၉၀၅ မှနေ၍ စစ်ကူ ယာဉ်နှစ်စီးသာ ထွက်လာနိုင်ပြီး စစ်တပ်တွင် နောက်ချန်အင်အား နည်းပါးနေခြင်းကြောင့် စစ်ကူပို့ရာတွင် အချိန်မီပို့ဆောင်နိုင်ခြင်းများ လုပ်ဆောင်နိုင်ခြင်းမရှိတော့ ကြောင်း သိရသည်။

‎စစ်မှုထမ်းတပ်သားသစ်များ၏ အင်အားကို အဓိကထားလာရသည့် စစ်တပ်သည် အခြေစိုက် စခန်းများတွင် အင်အားလုံလောက်မှုမရှိတော့ဘဲ အယောင်ပြစစ်ကူယာဉ်တန်းများတွင် အင်အား အနည်းငယ် ထည့်ကာ အင်အားပြ လှုပ်ရှားမှုများကိုသာပြုလုပ်လာပြီး အထူးသဖြင့် AA နှင့်ရင်ဆိုင် ရသည့် နယ်မြေများတွင် ပိုမိုလုပ်ဆောင်လာသည်။

ဓာတ်ပုံ-ချင်းကာကွယ်ရေးတပ်ဖွဲ့ (အရှို)