‎ဧရာဝတီတိုင်းမ်
‎ဇွန် ၂ ရက်

‎ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းကို တပ်ဖြန့်ရန်ကြိုးစားလာသည့် ရွေးတုအစိုးရ စစ်တပ်က ဒရုန်းမျိုးစုံသုံးပြီး စစ်ကြောင်းထိုးလာနေကြောင်းသိရသည်။

‎မဘိမ်း၊ ငါးအိုးနယ်မှ တက်လာသည့် စစ်တပ်စစ်ကြောင်းသည် မေလ ကုန်ကာနီးမှစတင်ကာ Heavy Drone၊ Hexa Drone နှင့် Spy Drone များသုံး၍ စစ်ကြောင်းများတပ်ဖြန့်လာပြီးနောက် မဘိမ်းမြို့နယ်အတွင်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

‎အဆိုပါတိုက်ပွဲတွင် စစ်တပ်ကလေကြောင်းပစ်ကူပါ ခေါ်ယူခဲ့ပြီးနောက် ခလရ-၁၂၁ မှ စစ်ကြောင်း များနှင့် အချိတ်အဆက်မပြတ်ရှေ့ဆက်သွားကာ ရွှေကူနယ်ကိုဦးတည်သည့် စစ်ကြောင်းမှာ မန်းနားရွာ တဝိုက် အခြေ ပြုနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

‎”KIAနဲ့ပူးပေါင်းတပ်တွေ ကြည်းကြောင်း၊ ရေကြောင်း ပိတ်ဆို့ရခက်အောင် တိုက်စစ်ဆင်မယ့်အင်အား တွေကို ပြန့်ကျဲအောင်၊ စစ်မျက်‌နှာတွေကွဲသွားအောင် စစ်မြှုခြင်း သို့မဟုတ် နေရာခံစစ်ဖြစ်တဲ့ ဗန်းမော်ဒေသကို အင်အား အလုံးအရင်း တစ်စုတစ်စည်းတည်းရောက်လာအောင် စစ်ဆွယ်ခြင်းလို့ ယူဆပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

‎စစ်တပ်အခြေပြုလာသည့် မန်းနားရွာသည် ရွှေကူနှင့် ၄မိုင်ကွာပြီး စစ်တပ်ပြန်လည်နေရာယူလာသည့် ၅လမ်း ဆုံနှင့် ၂မိုင်ခန့်သာ ကွာဝေးသည်။ကချင်- စစ်ကိုင်းအစပ် ကသာ၊ ကချင်-ရှမ်းမြောက်အစပ် မဘိမ်းတို့ကို ထိန်းချုပ်မှုယူရန် စစ်တပ်က ပြင်ဆင်နေသည့်အပြင် ရွှေကူမှတဆင့် ဗန်းမော်အထိ တက်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

ရွေးတုအစိုးရ‎စစ်တပ်သည် ဗန်းမော်တိုက်ပွဲရလဒ်ကို ‌ပြောင်းလဲနိုင်သည်အထိ အရေးပါခဲ့သော ဒရုန်းစစ်ဆင် ရေးကို ယခု ရွှေကူ၊ ငါးအိုးနယ်များတွင် ထပ်မံအသုံးပြုလာခြင်းဖြစ်သည်။

‎မိုးညှင်းတွင် အင်အား တစ်ထောင်ခန့်နှင့် ငါးအိုးတွင် အင်အားတစ်ထောင်ခန့် စစ်ကူဖြည့်ထားသည့် စစ်တပ်က ယခုအခါ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းကိုပါ အင်အားနှင့် ခဲယမ်းအများအပြား တင်ဆောင်ထားသည့် စစ်ယာဉ်တန်း ရာချီကို နှစ်ကြိမ်တိုင် ခေါ်သွင်းထားသည်။

ဓာတ်ပုံ-စစ်အုပ်စု