ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဇွန် ၂ ရက်

 

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းခွ(ကေ)ကျေးရွာအတွင်း တပ်စွဲထားသည့် ရွေးတုအစိုးရ စစ်တပ်ထံ ရိက္ခာလာရောက်ပို့ဆောင်သည့် ရဲကွန်မန်ဒိုတစ်ဦးကို သာယာဝတီခရိုင်၊ တပ်ရင်း- ၃၈၀၂၊ တပ်ခွဲ-၄ က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များထံ ရိက္ခာလာရောက်ပို့ဆောင်သည့် နေပြည်တော်တပ်ရင်း(၁၇)မှ ရဲကွန်မန်ဒို မင်းမင်းထွန်းကို ပြီးခဲ့သည့် မေ ၃၁ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက လက်နက် ခဲယမ်း များနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မင်းမင်းထွန်းအားဖမ်းဆီးရမိစဉ်အတွင်း ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က စစ်တပ်၏ ပေါ်တာ ဆွဲဖမ်းဆီးခြင်းခံခဲ့ရသည့် အုတ်ဖိုမြို့နယ်၊ သရက်တောကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သည့် ကိုငပိုင်(ခ) အောင်ပိုင်စိုးကိုလည်း ချောင်းခွကျေးရွာအနီး၌ပင် တစ်ပါတည်းကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် တပ်သားနှင့် ကယ်တင်နိုင်ခဲ့သည့် ဒေသခံတို့အား စစ်ဆေးမေးမြန်း မှုများပြုလုပ်‌နေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စောင့်ရှောက်မှုများကိုလည်း လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

 

လက်ရှိတွင် အုတ်ဖိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနေသည့် ရွေးတုအစိုးရ စစ်တပ်သည် ဒေသခံ နေအိမ်များကို မီးရှို့ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ လုပ်ဆောင်နေပြီး ပြီးခဲ့သည့် မေ ၂၀၊ ၂၁၊ ၂၂ ရက်နေ့ကလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့