နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်
မြန်မာနိုင်ငံမှတဆင့် အရှေ့တောင်အာရှ (အာဆီယံ)ဒေသအတွင်း ဂြိုဟ်တုလမ်းညွှန်စနစ်ကို ထိန်းချုပ်နိုင်ရန် စစ်ရေးခြေကုပ်အတွက် ကမ်းလှမ်းလာသည့် ရုရှားနိုင်ငံနှင့် အာဏာသိမ်း စစ်ကော်မရှင်တို့အကြား တွေ့ဆုံဆွေးနွေး၍ နေရာပေးရေး သဘောတူညီမှု ရရှိခဲ့ကြောင်း ရုရှားသတင်းများအရ သိရသည်။
ထိုအတွက် ရုရှားအစိုးရပိုင် အာကာသအေဂျင်စီ (Roscosmos) ညွှန်ကြားရေးမှူးချုပ် ဒီမီထရီ ဘာကာနော့ဗ် ဦးဆောင်အဖွဲ့သည် နေပြည်တော်သို့ ယခုရက်အတွင်း ရောက်ရှိလာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်ခန့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သဘောတူခဲ့ခြင်းဖြစ်သည်။
ရုရှားအစိုးရ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးစလုံးသုံး Global Navigation Satellite System (Glonass) ဂြိုဟ်တုလမ်းညွှန်စနစ်အတွက် အချက်အလက်စုဆောင်းရေး စခန်းတစ်ခုကို စစ်ကော်မရှင်က နေရာပေး ပံ့ပိုးသွားမည်ဟု သဘောတူညီခဲ့ကြောင်း သိရသည်။
ယင်းစနစ်သည် ဖုန်းများတွင် အသုံးပြုနေသော အမေရိကန်၏ GPS ကဲ့သို့ တည်နေရာပြသခြင်းအတွက် ဆိုသော်လည်း ရုရှားစစ်တပ် ဒုံးကျည်များ၊ ဒရုန်းများနှင့် စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးကွန်ရက်များ တိကျစွာ အလုပ်လုပ်နိုင်ရန် အဓိကထောက်တိုင်ပြု စနစ်လည်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဆိုပါစနစ်စခန်း တပ်ဆင်ခွင့်ရမည်ဆိုပါလျှင် ရုရှားစစ်တပ်အနေဖြင့် အာဆီယံဒေသအတွင်း ၎င်းတို့၏ ဂြိုဟ်တုလမ်းညွှန်စနစ်ကို ပိုမိုတိကျစွာ ထိန်းချုပ်နိုင်မည့် စစ်ရေးခြေကုပ်တစ်ခု ရရှိသွားမည်ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ သုတေသီများက သုံးသပ်ထောက်ပြကြသည်။
သို့သော် စစ်ကော်မရှင်၏ ထုတ်ပြန်ချက်၌မူ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပညာတော်သင် သင်တန်းသားများ စေလွှတ်ရေးတို့ကိုသာ အကျယ်တဝင့် ဖော်ပြထားပြီး စစ်ရေးအရ အလွန်အရေးပါသည့် Glonass စခန်းကိစ္စအား ထိန်ချန်ထားကြောင်း တွေ့ရသည်။
ယင်းတွေ့ဆုံမှုအတွင်း မြန်မာအတွက် ဂြိုဟ်တုလွှတ်တင်ရေး၊ လိုအပ်သည့် အာကာသနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ပြင်ပအာကာသ စူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း စစ်ကော်မရှင်က ဆိုသည်။
ရုရုားနိုင်ငံသို့ အာကာသနည်းပညာနှင့် သက်ဆိုင်သည့် ပညာတော်သင် သင်တန်းသားများ စေလွှတ်သွားမှုသည် မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သော်လည်း လက်ရှိကာလ၌ အကောင်အထည်ဖော်ရန် မလွယ်ကူကြောင်း လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အရင်ကတည်းက နျူကလီးယားကိစ္စ ဘာမှမလုပ်နိုင်ပေမယ့်လည်း နျူကလီးယား ပညာတော်သင်ဆိုပြီး တောက်လျှောက်လွှတ်ခဲ့တယ်။ အခုလည်း ဒီလိုပဲ သူတို့အနေနဲ့တော့ ကြိုတင်ပြီး ပြင်ဆင်ထားတယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ လေကြောင်းနဲ့လည်း ဆက်စပ်နေတယ်” ဟု ၎င်းက ဆက်လက်ဆိုသည်။
စစ်ကော်မရှင်သည် အာဏာသိမ်းပြီးနောက် ၎င်းတို့အား ထောက်ခံကူညီသော တရုတ်၊ ရုရှားအပါအဝင် နိုင်ငံအချို့နှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုပြုလုပ်လာ၍ လေကြောင်းအားပြု စစ်လက်နက်ပစ္စည်းများ၊ နည်းပညာ ဝယ်ယူခြင်းအပြင် စစ်ရေး၊ နိုင်ငံရေးတွင် အလုံးစုံမှီခိုနေရကြောင်း သိရသည်။
ထို့အပြင် ရုရှားနိုင်ငံသို့ နျူကလီးယား၊ အိုင်တီ၊ အင်ဂျင်နီယာနှင့် စစ်ဘက် ဘာသာရပ်အချို့အတွက် ယခင်ကတည်းက ပညာတော်သင်များ စေလွှတ်ခဲ့သော်လည်း လူနည်းစုလောက်သာ သေချာလေ့လာ သင်ယူသဖြင့် လက်တွေ့တွင် အလုပ်မဖြစ်ဘဲ ငွေကြေးကုန်ကျကြောင်း သုံးသပ်မှုများရှိသည်။
“အရင်က လူသိနည်းတဲ့ ရုရှားပြန်တွေနဲ့ ဖွဲ့ထားတဲ့ UAV (ဒရုန်း) ဌာနဆိုရင်လည်း အလုပ်မရှိဘဲ အုပ်ချုပ်မှုလွတ်နေလို့ ထောင်ချရတဲ့အထိ ဖြစ်ခဲ့တာတွေ ရှိပါတယ်။ အခုကိစ္စကတော့ နိုင်ငံဘတ်ဂျက်ကို အလကားဖြုန်းတီးတာလို့ပဲ မြင်ပါတယ်” ဟု လုပ်သက်ရင့် လေတပ် CDM အရာရှိတစ်ဦးက ဧရာဝတီတိုင်မ်းကို ပြောသည်။
လက်ရှိတွင် ခုခံတော်လှန်မှုများကြောင့် နယ်မြေဒေသ၊ တပ်စခန်းများ စစ်ရှုံးလက်လွှတ်ထားရသော စစ်ကော်မရှင်သည် နိုင်ငံတကာ၌ ပုံရိပ်ကောင်းပြရန်နှင့် ပြည်တွင်း အာရုံလွှဲရန် ရုရှားအကူအညီဖြင့် အာကာသစီမံကိန်းကို အသုံးချနေခြင်းဖြစ်ဟု အကဲခတ်များနှင့် CDM အရာရှိတို့က သုံးသပ်သည်။
ဓာတ်ပုံ – MOI