မြရာ၊ နိုရာ/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်

‎ညသန်းခေါင်ယံ ခွေးဟောင်သံတွေနှင့်အတူ ခြံတံခါးကို တဂျိန်းဂျိန်းမြည်အောင် ဆွဲလှုပ်နှိုးသည့် အသံတွေကြောင့် သုံးနှစ်အရွယ် ဂူဂူးကလေး လန့်နိုးလာသည်။

ကလေးငယ်သည် အိပ်ရာထောင့်သို့ တိုးကပ်သွားပြီး အသံမထွက်ရဲဘဲ ပါးစပ်ကို လက်ဝါးဖြင့် ဖိပိတ်ကာ တုန်ယင်နေရှာသည်။ အဆိုပါအဖြစ်အပျက်သည် မြနှင်းတို့ မိသားစုအတွက် ကျင့်သားရနေပြီဖြစ်သော “ဧည့်စာရင်းစစ်ခြင်း” အမည်ခံ အနိုင်ကျင့်မှု၏ အစနိဒါန်းပင်။

‎တော်လှန်ရေးမှာ အင်အားရှိသမျှပါဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း မြနှင်း၊ သားငယ် ဂူဂူးနှင့် မောင်နှစ်ဦး နေထိုင်ရာ ရန်ကုန်မြို့က အိမ်လေးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်နှင့် လက်ပါးစေ အုပ်ချုပ်ရေးအဖွဲ့များအတွက် “ငွေတွင်း” ဖြစ်လာခဲ့သည်။

‎”ဧည့်စာရင်းစစ်မယ်။ မြနှင်းတို့ထွက်ခဲ့” ဆိုသည့် စက်ဆုတ်ဖွယ် အော်ခေါ်သံအဆုံးမှာ တံခါးကိုလည်း အသံစုံမြည်အောင်ဆွဲစောင့်နေခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အတူ သေနတ်တွေအသင့်ပြင်ကိုင်ထား‌သော စစ်သားတစ်အုပ်၏ အမူအယာက မာန်စွယ်ငေါငေါရှိလှသည်။

‎”ကျွန်မ တအားအသည်းနာတယ်။ ဧည့်စာရင်းစစ်မယ်ဆို ကျွန်မတို့အိမ်က အမြဲထိပ်ဆုံးကပဲ။ လူကုန် အပြင်ထွက်ရပ်ရတယ်။ သားလေးဆို သူတို့လာရင် ဘယ်လိုနေရမလဲ သိနေပြီ” ဟု မြနှင်းက ပြောသည်။

‎မြနှင်းတို့ မောင်နှမများသည် အာဏာသိမ်းစကတည်းက သပိတ်စစ်ကြောင်းများတွင် ရှေ့တန်းက ဦးဆောင်ပါဝင်ခဲ့သူများ ဖြစ်သောကြောင့် အုပ်ချုပ်ရေးအဖွဲ့များ၏ အငြိုးထားခြင်းကို ခံခဲ့ရသည်။ ၂၀၂၂ ခုနှစ်တွင် အသက် ၁၆ နှစ်အရွယ် မောင်ငယ်ဖြစ်သူမှာ အကြမ်းဖက်ပုဒ်မဖြင့် ဖမ်းဆီးခံရပြီး စစ်ကြော ရေးတွင် နှိပ်စက်ခံခဲ့ရသည်။

‎‎စစ်ကြောရေးစခန်းထဲထည့် မတရား နှိပ်စက်ခံနေရသည့် မောင်ငယ် ‎‎အသက်ရှင်လျှက် ထောင်ကို ရောက်သွားဖို့အတွက် မြနှင်းတစ်ယောက် မိဘပိုင် ခြံနှင့် ကားကိုရောင်းချကာ သိန်းရာနှင့်ချီ၍ လာဘ်ထိုးခဲ့ရသည်။ ထို့နောက် ထောင်တွင်းတရားရုံးတွင် အမှုရင်ဆိုင်ပြီး အသက်မပြည့်သည့်အတွက် လူငယ်ထိန်းသိမ်းရေးကျောင်းကို မြနှင်း၏ မောင် ရောက်ရှိသွားရသည်။

‎စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ၂၀၂၄၊ ဖေဖော်ဝါရီ၊ ၁၀ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ မင်းအောင်လှိုင်၏ ‎ စစ်မှုထမ်းခေါ်ယူမည်ဆိုသည့် အကြောင်းအရာ နှင့်အတူ မြနှင်းတို့အိမ်သည် အုပ်ချုပ်ရေးအဖွဲ့များ၏ ပစ်မှတ်အဖြစ် ပိုမိုခိုင်မာသွားသည်။

“စစ်မှုထမ်း အစားထိုးဖို့ဆိုပြီး လစဉ် ငွေကောက်တာ သိန်းနဲ့ချီ ပေးရတယ်။ ဧည့်စာရင်းစစ်တဲ့ လမ်းကြောင်းကြေးဆိုတာလည်း တောင်းယူသွားသေးတယ်” ဟု မြနှင်းက ဆိုသည်။

‎Spring Revolution Database ၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ဖေဖော်ဝါရီမှ ၂၀၂၅ ဖေဖော်ဝါရီအထိ တစ်နှစ်အတွင်း စစ်မှုထမ်းဥပဒေ အကြောင်းပြကာ အတင်းအဓမ္မ ဖမ်းဆီးခံရသည့် လူငယ် ၁၉,၀၀၀ ကျော် ရှိခဲ့သည်။ အထူးသဖြင့် ထောင်ထွက်လူငယ်များကို ပစ်မှတ်ထားကာ စစ်သင်တန်းကျောင်းများသို့ အတင်းအဓမ္မ ပို့ဆောင်နေခြင်းမှာ မြနှင်း၏ မောင်ဖြစ်သူအတွက်ပါ ခြိမ်းခြောက်မှု ဖြစ်လာသည်။

‎”မောင်ငယ်နဲ့အတူလွတ်တဲ့ ကမာရွတ်က ကောင်လေးကို မေးစရာရှိလို့ဆိုပြီး စစ်တပ်နဲ့ အုပ်ကြီးအဖွဲ့က အိမ်ကနေလာခေါ်ထုတ်သွားတာ။ နောက်နေ့အထိ ပြန်မလာလို့သွားမေးတော့ မှော်ဘီကတပ်ရင်းထဲ ရောက်သွားပြီ၊ နေ့တွင်းချင်း လှည်းကူးက စစ်သင်တန်းကျောင်းပို့မှာ ဘာမှလုပ်မရဘူးလို့ ပြောလွှတ် တယ်” ဟု မြနှင်းက ပြောသည်။

‎နေရာပြောင်းရွှေ့နေထိုင်မည်ဆိုပါကလည်း နေထိုင်ရမည့် ရပ်ရွာတွင် ဧည့်စာရင်းနှင့်နေထိုင်ရမည်ဖြစ်ပြီး အရွယ်ရောက်လူငယ် မောင်နှစ်ဦးမှာ စစ်ကော်မရှင် အဖွဲ့များ၏ မျက်စိကျစရာဖြစ်နေမှာကြောင့် မြနှင်းတို့မှာ ပြေးစရာမြေမရှိဖြစ်ရသည်။

‎ပြေးစရာမြေ မရှိတော့သည့်အဆုံး မြနှင်းသည် မောင်ဖြစ်သူနှစ်ဦးကို ထိုင်းနိုင်ငံသို့ အရင်လွှတ်ခဲ့ရသည်။ ထို့နောက် သိန်း ၂၀ ဝန်းကျင် ရရှိသည့် အလုပ်ကို စွန့်လွှတ်ကာ သားငယ် ဂူဂူးကို လက်ဆွဲ၍ သူမပါ ပြည်ပသို့ ထွက်ခွာခဲ့ရတော့သည်။

‎မြန်မာနှင့်အိမ်နီးချင်းနိုင်ငံဖြစ်သည့်ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ထွက်ခွာလာသည့် ရွှေ့ပြောင်းအလုပ် သမားများ၊ စစ်ကော်မရှင်၏ မတရားဖမ်းဆီးမှုမှ တိမ်းရှောင်လာသူများ၊ ငွေးကြေးတတ်နိုင်သူများက မိမိတို့၏ သားသမီးများကို မြန်မာနိုင်ငံတွင် ထားလိုခြင်းမရှိ၍ သင်တန်းများ၊ ကျောင်းများ တက်ရောက်ရန် စေလွှတ်လာသည့် မြန်မာလူငယ်များ အများဆုံးရောက်ရှိနေသည်။

မြနှင်းတို့ ရောက်ရှိရာ အိမ်နီးချင်း ထိုင်းနိုင်ငံသည်လည်း လူငယ်များအတွက် ပန်းခင်းသော လမ်းမဟုတ် ခဲ့ပါ။ ထိုင်းအစိုးရက နိုင်ငံခြားသားများ မလုပ်ကိုင်ရမည့် အလုပ် ၂၀ ကျော်ကို သတ်မှတ်ထားခြင်းကြောင့် သူတို့နိုင်ငံသားများ လုပ်ကိုင်လိုခြင်းမရှိသည့် အလုပ်ကြမ်းနှင့် အောက်ခြေအလုပ်အချို့ကိုသာ ရွှေ့ပြောင်း အလုပ် သမားများအဖြစ် လုပ်ကိုင်ကြရသည်။

‎”ထိုင်းမှာ ကျွန်မဘာလုပ်နိုင်မလဲ ကြည့်ရမယ်။ မောင်နှစ်ယောက်လည်း မြန်မာပြည်မှာ တူတူတန်တန် အလုပ်လုပ်နေခဲ့ပေမယ့် ဒီရောက်တော့ ကျွန်မတို့ ထမင်းနပ်မှန်ဖို့ အလုပ်ရွေးလို့မဖြစ်တော့ဘူး” ဟု လက်ရှိ ရင်ဆိုင်ရသည့် အခြေအနေကို မြနှင်းကပြောသည်။

ယခုနှစ် ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့သည့် ထိုင်းလူငယ်အချို့နှင့် မြန်မာလူငယ်အချို့၏ ပွတ်တိုက်မှု အနည်းငယ်ကို အခွင့်ကောင်းယူကာ ထိုင်းအမျိုးသားရေးလှုပ်ရှားသူ နှုတ်ခမ်းမွှေးနှင့်အဖွဲ့၏ ရန်ပြုမှု များကိုပါ ရင်ဆိုင်နေရသည်။

ထို့ပြင် ထိုင်းနိုင်ငံသည် ၁၉၅၁ ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်း (1951 Refugee Convention) တွင်ပါဝင်သည့် ‎ဒုက္ခသည်များ၊ နိုင်ငံရေးကြောင့်ခိုလှုံလာသည့်သူများကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို လက် မှတ်ရေးထိုးထားခြင်း မရှိသဖြင့် တိမ်းရှောင်လာသူများမှာ အချိန်မရွေး နေရပ်ပြန်ပို့ခံရ မည့် စိုးရိမ်စိတ်ဖြင့် နေထိုင်နေရသည်။

‎”မိဘလိုစောင့်ရှောက်ရမယ့် အုပ်ချုပ်သူဟာ ပြည်သူတွေကို ရန်သူလို ဆက်ဆံ နှိပ်စက်နေတော့ သူတစ်ပါးနိုင်ငံမှာ နှိပ်စက်ခံရမယ်ဆိုလည်းမမှုတော့ဘူး။ ကျွန်မတို့ကြံ့ကြံ့ခံ ရှင်သန်မှာပါ” ဟု မြနှင်းက ပြောသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA Myanmar ၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်တွင်းရှိ ပြည်သူများမှာ တိုက်ပွဲ၊ ငလျင်ဘေးနှင့် ရေဘေးများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၃.၆သန်းအထိရှိလာပြီဖြစ်သည်။

အဖိုးတန် လူသားအရင်းအမြစ်ဖြစ်သည့် လူငယ်များမှာလည်း နိုင်ငံတွင်း၌ ကျန်ရှိနေပါက မင်းအောင် လှိုင်၏ စစ်မှုထမ်းဥပဒေကြောင့် “ပစ” ကိုယ်ပိုင်နံပါတ်များဖြင့် စစ်မျက်နှာတွင် စတေးခံကြရမည် ဖြစ်၍ ပြည်ပသို့ အလုံးအရင်းနှင့် ထွက်ခွာနေကြရသည်။

စစ်ကော်မရှင်၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များကလည်း ရပ်ကွက်အတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားခဲ့သူ၊ နိုင်ငံရေးအကျဉ်းသား မိသားစုများကို ပစ်မှတ်ထားကာ ငွေညှစ် အနိုင်ကျင့်မှုများရှိနေသည်။

‎‎မြနှင်းတို့ ပြည်တွင်းတွင်ရှိစဉ်က အုပ်ချုပ်ရေးအဖွဲ့များသည် ညအချိန်များတွင်ပင် ဧည့်စာရင်းစစ်အဖွဲ့ကို ဘီယာတိုက်ရ၍ ကုန်ကျစရိတ်ဟုဆိုကာ KBZ Pay ဖြင့် လွှဲပေးခိုင်းသည်အထိ တရားလွန် နှိပ်စက်အနိုင် ကျင့်ကြသည်။

‎ငွေကြေးတောင်းခံမှုများအပြင် ညသန်းခေါင် ဧည့်စစ်ရောက်လာပါကလည်း လက်နောက်ပစ် ခေါင်းငုံ့ ရပ်ကာ ဘုရားခန်းအထိ စစ်ဖိနပ်နှင့်နင်းတက် အိပ်ရာခင်းများကို ဆွဲဖြဲသွားသည်များကို ရင်နာနာနှင့် ကြည့်နေခဲ့ရသည်။

မြနှင်းတို့ မိသားစုသည် ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် မုန်တိုင်းဒဏ်များကို အမိမြေ၌ အမြစ် တွယ်နေသော မိုးမခပင်များကဲ့သို့ပင် ရင်ဆိုင်ဖြတ်သန်းခဲ့ကြရသည်။

မိုးမခပင်ဆိုသည်မှာ ရေစီးသန်သော မြစ်ကမ်းပါးယံတွင် အခြေပြု ပေါက်ရောက်သော်လည်း ရေစီး နောက်သို့ မျောပါမသွားဘဲ အမြစ်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားနိုင်သည့် အပင်မျိုး ဖြစ်သည်။ လေပြင်းတိုက်ခတ်ချိန်တွင် လေလာရာသို့ လိုက်လျောညီထွေ ယိမ်းနွဲ့ပေးတတ်သဖြင့် ကျိုးပျက်သွား ခြင်း မရှိဘဲ ကြံ့ကြံ့ခိုင် ခံနိုင်ရည် ရှိလှသည်။

မျက်ရည်စက်လက်နှင့် ကြံ့ကြံ့ခံ ရပ်တည်နေသော “မိုးမခပင်” များကဲ့သို့ မြနှင်းတို့သည် အမိမြေတွင် ရှင်သန်အောင် နေခဲ့ကြသော်လည်း အနိုင်ကျင့်မှုများက လွန်ကဲလာသောကြောင့် ခေတ္တခိုလှုံရာ နယ်မြေသစ်သို့ ခေါင်းငုံ့ဝင်ခဲ့ကြရသည်။ စစ်အာဏာရှင်အောက်တွင် ခေါင်းမညွတ်ခဲ့သော မြနှင်းကဲ့ သို့သော အမျိုးသမီးများ၊ လူငယ်များမှာ ရောက်ရာအရပ်၌ အကောင်းဆုံး ရှင်သန်နိုင်အောင် ကြိုးစားနေကြဦးမည်ဖြစ်သည်။