ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA)တို့မှ တာဝန်ရှိသူများက ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြပြီး စစ်ရေး၊ နိုင်ငံရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာများကိုလည်း ရင်းနှီးပွင့်လင့်စွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“SRAနဲ့ဆိုရင်လည်း စတင်ဖွဲ့စည်းခဲ့တာနဲ့ ကျွန်တော်တို့တွေအသိအမှတ်ပြုခဲ့တယ်။ အခုလည်းပဲရှေ့ဆက်ပြီး လုပ်ငန်းတွေအတူတကွ ဆောင်ရွက်နိုင်ကြဖို့ဆိုတာတွေ ဆွေးနွေးခဲ့ကြတာရှိပါတယ်။ နောက်ပြီး Local defence force ပေါ့နော် ဒေသဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပါတ်သတ်ပြီး NUGမှာ ရှင်းလင်းပြတ်သားတဲ့မူဝါဒရှိပါတယ်။ ဒါကိုလည်းပဲ ကျွန်တော်တို့ရှင်းပြပြီး ဆွေးနွေးခဲ့တာရှိတယ်” ဟု ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် တော်လှန်ရေးအင်အားစုအချင်းချင်းအကြားတွင် အကြောင်းကိစ္စတစုံတရာရှိလာပါကလည်း ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန်နှင့် အနာဂတ်တွင်လည်း ဆက်လက်တွေ့ဆုံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်ကြရန် သဘောတူညီမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်တို့အပါအဝင် NUG တာဝန်ရှိသူများနှင့် SRA အဖွဲ့မှ ခေါင်းဆောင်များ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။

“SRA ကိစ္စတွေအပြင် SRA ထဲ မပါဝင်ကြသေးတဲ့တပ်ဖွဲ့တွေရဲ့ အရေးကိစ္စတွေကိုပါ သေချာဆွေးနွေးဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် NUG လက်အောက်ခံမဟုတ်တဲ့တပ်တွေအပေါ် NUG ရဲ့သဘောထားကို မေးမြန်းအတည်ပြုနိုင်ခဲ့ပါတယ်။ NUG နဲ့ SRA အကြား အပြန်အလှန်အသိအမှတ်ပြုနိုင်ကြဖို့၊ ကျေလည်သော ညီညွတ်ရေးကို အတူတကွ တည်ဆောက်နိုင်ကြဖို့နဲ့ မိတ်ဖက်ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့သာ ဖြေရှင်းနိုင်ကြဖို့ကို သဘောတူညီခဲ့ကြပါတယ်” ဟု BPLA ခေါင်းဆောင်ကိုဆောင်းခက ၎င်း၏လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ကို ခိုင်မာကျယ်ပြန့်သည့် တပ်ပေါင်းစုတစ်ရပ်ပေါ်ထွက်လာရေးရည်ရွယ်ကာ စစ်အုပ်စု၏အကြမ်းဖက်မှုများကို တွန်းလှန်ရန်အတွက် တိုင်းရင်းသားတော်လှန်ရေးတပ်များအပါအဝင် NUG၊ MOD လက်အောက်ခံတပ်မဟုတ်သည့် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့်စုပေါင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်